30 C
Yangon

ခမ်းပတ်မြို့၊ ကနန်ရွာကို စစ်တပ်က လေကြာင်းမှ ဗုံးကျဲပြီးနောက် ဒဏ်ရာရ ပြည်သူများ ဆေးကုသခွင့် မရစေရန် စစ်တပ်က ပိတ်ဆို့ခဲ့၊ စစ်တပ်၏ လူမဆန်သော လုပ်ရပ်များကိုအရေးယူနိုင်ရေး NUG အစိုးရ ဆောင်ရွက်နေ

Must read

ခမ်းပတ်မြို့၊ ကနန်ရွာကို စစ်တပ်က လေကြာင်းမှ ဗုံးကျဲပြီးနောက် ဒဏ်ရာရ ပြည်သူများ ဆေးကုသခွင့် မရစေရန် စစ်တပ်က ပိတ်ဆို့ခဲ့၊ စစ်တပ်၏ လူမဆန်သော လုပ်ရပ်များကိုအရေးယူနိုင်ရေး NUG အစိုးရ ဆောင်ရွက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ ကနန်ရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ရပြီးနောက် ဒဏ်ရာရရှိသူများကို ဆေးကုသခွင့် မရရှိစေရန် စစ်တပ် က ပိတ်ပင်ခဲ့ကြောင်း ယနေ့ ပြုလုပ်သည့် NUG ၏ ကနန်ကျေးရွာ လေ ကြောင်း တိုက်ခိုက်မှု ဖြစ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြော ဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ထိခိုက်ဒဏ်ရာရသူများ ဆေးကုသမှု မရရှိစေရန် မြို့ထဲ အဝင်မခံဘဲ မြို့ထဲရှိ ဆေးရုံဆေးခန်းများကိုလည်း‌ ဝင်ရောက်စစ်ဆေး ကာ ကနန်ကျေးရွာက လာသူများကို ဆေးကုသမှု မပေးရန် ခြိမ်းခြောက် တားမြစ်မှု များ လုပ်ဆောင်ခဲ့ကြောင်း ဆေးကုသမှုတွင် ပါဝင်ကူညီပေးခဲ့သူ ဆရာမ ဒေါ်ရတီအုန်းက ပြောပြသည်။

“ထိခိုက်ဒဏ်ရာရတဲ့လူတွေကို မြို့ထဲကိုပိုပြီးတော့ ကုသမှုလုပ်မယ်ပေါ့။ အဲဒီ အချိန်မှာ စစ်ကောင်စီက ဒဏ်ရာရတဲ့လူတွေကို မြို့ထဲကို အဝင်မခံဘူး။ အဝင်မခံတဲ့အပြင် ခိုးပြီးတော့မှ တိတ်တိတ်ဝင်သွားတာရှိမှာ ကြောက်လို့ ဆိုပြီးတော့ မြို့ထဲက ပုဂ္ဂလိကဆေးရုံဆေးခန်းတွေ အကုန်လုံးကို ရှောင်တခင် ဝင်စစ်တယ်။ ကနန်ရွာက လာတဲ့လူမှန်သမျှ ဘယ်သူမှ ကုသခွင့်မပေးရဘူး။ နောက်ဆုံးကျ ဘယ်လိုလုပ်လိုက်လဲဆိုတော့ မည်သည့်ယာဉ်ကိုမှ ဖြတ်သွား လာခွင့်မပြုတော့ဘူး။ ဒါက စစ်ကောင်စီဘက်က ကျွန်မတို့တွေကို အမျိုးမျိုး ဖိနှိပ် ချုပ်ချယ်ခဲ့တာ” ဟု ကနန်ရွာ လေကြောင်းဗုံးကျဲမှုတွင် ကိုယ်တိုင်ပါဝင် ဆေးကုသမှုကူညီပေးခဲ့သည့် ဆရာမ ဒေါ်ရတီအုန်းက အကြမ်းဖက် စစ်ကောင် စီ ဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများအပေါ် ဆေးကုသမှု မရရှိစေရန် ဖိနှိပ်ချုပ်ချယ်ခဲ့မှုများကို ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်သည် ကနန်ကျေးရွာကို ဇန်နဝါရီ ၇ ရက်နေ့တွင် တိုက် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်မှု ကြောင့် သေဆုံးသူ စုစုပေါင်း ၁၇ ဦးရှိပြီး ထိုအထဲတွင် အသက် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၁၈ နှစ်အောက် ကလေးငယ်၉ ဦး ဗုံးထိမှန် သေဆုံးခဲ့ ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးတွင် အသက် ၃ နှစ်အောက် ကလေး ငယ်အပါ အဝင် ကလေးငယ် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်က ကျဲချလိုက်သည့် ဗုံးသည် အမှတ် ၂ ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် St.Peter ခရစ်ယာန် ဘုရား ကျောင်းကြား ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်း တက်ချိန်တွင် ကျဲချခြင်းဖြစ်သည့်အတွက် ထိခိုက်သေဆုံးမှု များပြား ကာ ပြည်သူ့ နေအိမ် ၁၀ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ ခရစ် ယာန်ဘုရားကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

“ဖြစ်တဲ့နေရာက ဘုရားကျောင်းတွေရယ် စာသင်ကျောင်းတွေရယ်။ အဲဒီ ကနန်ရပ်ကွက်က သူတို့ တိုက်လေယာဉ်လာချသွားတဲ့ ရပ်ကွက်က လုံးဝ ပြည်သူ တွေပဲနေတဲ့ လုံးဝ လူတွေ ရပ်ကွက်စစ်စစ်ပါ။ အဲဒီမှာ လာပြီး ကျဲသွား တယ်။ အဲဒီမှာ ကလေးတွေ အများကြီးထိသွားတယ်။ ညီမတို့ကတော့ ဒီဟာတွေနဲ့ ပတ်သက်တဲ့ ဒီသက်သေတွေ ဒီတိုက်လေယာဉ်လာသွားတဲ့ အချိန် မှာ ရိုက်ထားတဲ့ ဒီဗီဒီယိုမှတ်တမ်းတွေလည်း အကုန်ရှိတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ် ရေးရာ ဝန်ကြီးဌာန မြေပြင်တာဝန်ရှိသူ မခိုင်လေးက ပြောပြသည်။

ထိုသို့ အကြမ်းဖက်စစ်တပ် ကျူးလွန်သည့် လုပ်ရပ်များနှင့်ပတ်သက်၍ အမျိုး သား ညီညွတ်ရေးအစိုးရအနေနှင့် လာမည့် မတ်လတွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ် များကို တင်ပြသွားမည်ဖြစ်ပြီး ပိုမိုထိရောက်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ချမှတ်နိုင်ရေးအတွက် ကြိုးစားလုပ် ကိုင် နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးအကြံပေးနှင့် ပြော ရေး ဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားသည်။

“ဖိလစ်ပိုင်နိုင်ငံတရားရုံးမှာ ချင်းပြည်နယ်မှာ အကြမ်းဖက်စစ်တပ်က ကျူးလွန် တဲ့စစ်ရာဇဝတ်မှုများကို Universal Jurisdiction အောက်ကနေပြီးတော့ တရားစွဲဆိုဖို့ဆောက်ရွက်နေသကဲ့သို့ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့တဲ့ စစ်ရာဇဝတ်မှု World Crime, Crime Against humanity တွေကို တခြားနိုင်ငံတွေမှာလည်း Universal Jurisdiction ကနေပြီးတော့ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးအကြံပေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက သတင်းစာ ရှင်း လင်းပွဲတွင် ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ၂၀၂၁ ခုနှစ်အာဏာသိမ်းသည့်အချိန်မှာ ဒီဇင်ဘာ ၂၀၂၃ ခုနှစ်အထိ ပြည်သူများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း ၅၈၃ ကြိမ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစု ပေါင်း ၈၉၇ ဦး၊ ဘာသာရေးအဆောက်အအုံပျက်စီးမှု ၇၆ ခု၊ စာသင် ကျောင်းပျက်စီးမှု ၅၂ ကျောင်း ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း အမျိုးသား ညီညွတ် ရေးအစိုးရ၏ စုဆောင်းထားသည့် စာရင်းများ အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article