ပေါက်ခေါင်းမြို့နယ်ရှိ စစ်တပ်၏ ချင်းလည်ငါးဘတ်ကုန်း ဂိတ်စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၂၃
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ချင်းလည်ငါးဘတ်ကုန်း ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ(၂) ဧရာညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၂ ဧရာညီနောင်စစ်ကြောင်းက ပေါက်ခေါင်းမြို့နယ်၊ ခရိုင်ချင်းဆက်လမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ချင်းလည်ငါးဘတ်ကုန်းဂိတ်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်သွားရောက် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၃ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို ပေါက်ခေါင်းဘက်မှ ဆိုင်ကယ် ၂ စီး ၊ ကား ၁ စီးဖြင့် ပေါက်ခေါင်းဘက်ကို လာရောက် သယ်ဆောင်သွားကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များဘက်မှလက်နက်ကြီး၊ လက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ရင်း Sniper အဖွဲ့က ယင်းနေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ် အပိုင် ဂွေးတောက်ကွင်းရွာမှ ထွက်လာသော အင်အား ၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး အပြင်းအထန် ဒဏ်ရာရပြီး ထမ်းစင်ဖြင့် လက်ပံခုန်ရွာကို သယ်ဆောင်သွားကြောင်း သိရသည်။