အရာတော်မြို့နယ်နှင့် မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အရာတော်မြို့ အနောက်ဘက် စက်မှုလယ်ယာ ဂိတ်စခန်းမှ အမတ ၃၆၉ တပ်ရင်းကို အင်အားဖြည့်တင်းရန် လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ နားနေသည့် အဆောင်ကို ၁၂၀ မမ ဗုံးသီး ၁ လုံးနှင့် တပ်ရင်း စခန်းအတွင်းရှိ ဗဟိုကင်းစခန်းပေါ်သို့ ၁၂၀ မမ ဗုံးသီး ၁ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အဆောက်အဦး ၂ လုံး ထိခိုက် ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ အကြမ်းဖက် စစ်တပ်၏ အရာတော်မြို့ပေါ်ရှိ တပ်ရင်းစခန်း၊ ကင်းစခန်းများမှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force နှင့် Ayadaw Rocket force ဦးဆောင်၍ အရာတော်မြို့နယ်၊တိုက်နယ် အမှတ် (၄) ရဲဘော်များ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၉) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၈- NRDF တာဝန်ခံကိုလင်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၂၄ ရက် မွန်းတည့် ၁၀ နာရီ မိနစ် ၃၀ ခန့်က လေးရွာဆုံကျေးရွာအတွင်း တပ်စွဲ ထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသရန် ဆိုင်ကယ်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
“အဲဒီရွာမှာက ပျူလက်နက်ကိုင်အဖွဲ့ဝင် ၂၀ လောက်တော့ရှိတယ်၊ စစ်ခွေးရောဆိုရင် ၄၀ ဝန်းကျင် လောက်တော့ရှိမယ်၊ ၂ လုံးတွဲ တစ်ကြိမ်ပဲချခဲ့တာ၊ သူတို့ အဆောက်အဦးကို ဖျက်ပြီး သယ်နေတဲ့ အချိန်မှာ ၂ လုံးချခဲ့တာ၊ ၂ ယောက်တော့ ထိတယ်၊ မြို့ပေါ်ကို နာရေးကားနဲ့တော့မသွားဘူး၊ ကြား လမ်းကနေ ဆိုင်ကယ်တွေနဲ့တော့ ထွက်သွားတယ်လို့ သိရတယ်၊ ဆေးသွားကုတာပေါ့” ဟု မြင်းခြံ ခရိုင်တပ်ရင်း ၈- NRDF တာဝန်ခံကိုလင်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၈- Natogyi Regional Defence Force မှ တိုက်ခိုက် ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။