ရွှေဘိုမြို့ မြောက်ဖက် မဟာနန္ဒာကန်တော်လမ်းပေါ်ရှိ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြောက်ဖက် မဟာနန္ဒာကန်တော်လမ်းပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၄ ရက် နံနက်အစောပိုင်း ၁၂ နာရီ မိနစ် ၃၀ ခန့်က ရွှေဘိုမြို့ မြောက်ဖက်၊ မဟာ နန္ဒာ ကန်တော်လမ်းပေါ်ရှိ စစ်သား၊ ပျူစောထီးများ ဆပ်ကြေးကောက် ငွေညှစ်သောင်း ကျန်းနေ သော စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော အလောင်း ၂ လောင်း ကို မေဂွန်(ပျူ)ကျေးရွာတွင် သင်္ဂြိုလ်ခဲ့ပြီး ကျန်သေဆုံးအလောင်း ၃ လောင်းနှင့် ဒဏ်ရာရရှိသူများကို ရွှေဘိုမြို့ဆေးရုံသို့ သယ်ဆာင်သွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဂိတ်စခန်း ဘန်ကာများ၊ ကင်းထဲများအထိ ဝင်ရောက်နိုင်ခဲ့ သော်လည်း စစ်သား၊ ပျူစောထီးများမှာ လက်နက်ခဲယမ်းများယူဆောင်ပြီး ထွက် ပြေးသွားသဖြင့် လက်နက်ခဲယမ်းသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး ရွှေဘိုမြို့တွင်းမှ စစ်ကူများထွက်လာသဖြင့် ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ထို့အပြင် ရွှေဘိုမြို့ အမှတ် ၈ လေ့ကျင့်ရေးတပ်မှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် အလုံး ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ကာ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖမှ ဦးဆောင်၍ ရွှေဘိုမြို့နယ်ပကဖ (PDO)အဖွဲ့ ၊ ရွှေဘို မြို့ နယ်တိုက်နယ် ၁ ၊ ၅ ၊ တိုက်နယ် ၃ ပကဖ (Brave Defence Force) ၊ ဒီပဲယင်းမြို့နယ် ဂဠုန်မင်း ပကဖနှင့် ညောင်ဦးမြို့နယ်ပကဖအဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ဆေးရေးဂိတ်သည် ရွှေဘိုမြို့ ခမရ ၁၁ ၊ ခလရ ၄၂ တပ်ရင်းတို့နှင့် ၂ မိုင်ပတ် လည်ခန့်သာ ကွာဝေးပြီး ပျူစောထီးခေါင်းဆောင် ပေါသိန်းနှင့် သားများ ဦးဆောင်နေသောဂိတ်ဖြစ် ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ တပ်မှ အင်အား ၄၀၀ ခန့်ဖြင့် ရွှေဘိုမြို့ မြောက်ဘက် ခြမ်းနှင့် ခင်းဦးမြို့နယ်မြောက်ဘက်ခြမ်းသို့ စစ်ကြောင်း ထိုးရန်ပြင်ဆင်နေကြောင်း သိရသည်။