ဘောလခဲမြို့နယ်၊ ရွာသစ်မြို့အတွင်းရှိ စစ်တပ်၏ ၁၂ မိုင် ဗျူဟာစခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂၆ ဦး သေဆုံးပြီး လက်နက်မျိုးစုံ ၁၆ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ၁၂ မိုင် ဗျူဟာစခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၂၆ ဦး သေဆုံးပြီး လက်နက်မျိုးစုံ ၁၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ၁၁ဝ၇ တပ်ပေါင်းစုစစ်ဆင်ရေး ကော်မတီက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဘောလခဲခရိုင်၊ ရွာသစ်မြို့အတွင်းရှိ ဘောလခဲနှင့် ရွာသစ် လမ်းမကြီးကို ဆက်သွယ်ထားသော အကြမ်းဖက် စစ်ကောင်စီ အင်အား ၃၀ ကျော်ခန့်ရှိသော ၁၂ မိုင် ဗျူဟာစခန်းကုန်းကို တော်လှန်ရေး တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁ နာရီ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ၁၂ ဦး သေဆုံးကာ စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိကာ ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများ စခန်း စွန့်ခွာ ထွက်ပြေးသွားကြောင်း၊ တော်လှန်ရေး အင်အားစုဘက် မှလည်း ရဲဘော် ၇ ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို စခန်းသိမ်းတိုက်ပွဲ အတွင်း တော်လှန်ရေးအင်အားစုက 60 MM ၃ လက် ၊ ငါးကြင်းမြီး ၁ လက် ၊ MA-2 ၁ လက် ၊ MA-11 ၁ တစ်လက် ၊ MA-3 ၁ လက် ၊ MA-1 ၈ လက် ၊ 9MM ၁ လက်နှင့် လက်နက်ခဲယမ်း ဆက်စပ် ပစ္စည်းများ အကြမ်းဖက် စစ်ကောင်စီထံမှ အများအပြား ၊ Drone နှင့် ဆက်စပ် ပစ္စည်းများလည်း သိမ်းပိုက် ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စခန်းသိမ်း တိုက်ပွဲကို KNPLF၊ ΚΑ၊ KNDF-B-21၊ KNDF-B-20၊ အလယ်ပိုင်းတိုင်း၊ ကယား(ကရင်နီ) စစ်ဒေသ ၊ ဘောလခဲခရိုင်ဗျူဟာ အမှတ်-၁၁၀၅ ဘောလခဲ PDF၊ အမှတ်- ၁၁၀၈ ဖားဆောင်း PDF နှင့် Drone တပ်ဖွဲ့များဖြစ်သည့် ကလလတ ဉီးဆောင်မှုအောက်ရှိသော Federal Win Drone၊ F.F.D Drone၊ ဘောလခဲခရိုင် PDF ဒရုန်းတပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို စစ်ဆင်ရေးကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ပြီး ယင်စခန်းကုန်းကို တိုက်ခိုက် ရာတွင် စစ်ကောင်စီဘက်မှ ၁၄ ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ဘောလခဲ ၄၂၉ တပ်၏ စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကူများ တက်လာကာ ၁ ကြောင်းမှာ တော်လှန်ရေး အဖွဲ့ နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး ပြန်လည်ဆုတ်ခွာသွားကာ ကျန် ၁ ကြောင်းမှာ ၁၂ မိုင် ဗျူဟာကုန်းစခန်းကို စစ်ကူ ရောက်ရှိ လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းတိုက်ပွဲတွင် တော်လှန်ရေး တပ်ပေါင်းစုဘက်မှ KNPLF (၇၈၉၄) ရဲဘော်တစ်ဦး ၊ KNDF-B- 20 မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၁၅ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ သိမ်းပိုက်ရရှိခဲ့သော ဘောလခဲ ရွာသစ်လမ်းမကြီးရှိ ၁၂ မိုင် ဗျူဟာကုန်းသည် နှစ်ပေါင်း ၃၀ တိုင်တိုင် စစ်ကောင်စီမှ အခိုင်အမာတပ်စွဲထားသော အဓိကပင်မစခန်းကုန်း တစ်ခုဖြစ်ကြောင်း သိရသည်။


