ဖျာပုံ ခလရ ၉၈ မှ ဗိုလ်မှူးကြည်စိုးဦးဆောင်၍ အုတ်တွင်းကျေးရွာတွင် ကြက်၀ိုင်းလုပ်နေမှု ရဲများ မဖမ်းရဲ၊ ကြက်၀ိုင်း လောင်းကြေးသိန်းရာချီအထိရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာတွင် အမှတ် ၉၈ ခြေလျင်တပ်ရင်း (ခလရ ၉၈)မှ ဗိုလ်မှူးကြီးကြည်စိုးဦးဆောင်၍ ကြက်၀ိုင်းလုပ်နေပြီး ယင်းကြက်ဝိုင်းကို ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့က မဖမ်းရဲကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ယခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှစတင်၍ ခလရ ၉၈ မှ ဗိုလ်မှူးကြည်စိုးနှင့် ဒေသခံ သန်းခိုင်တို့ပူးပေါင်း၍ အုတ်တွင်းကျေးရွာတွင် လောင်းကစား၀ိုင်းအဖြစ် ကြက်၀ိုင်းကို အကြီးအကျယ် လုပ်ဆောင်လျက်ရှိကြောင်း၊ ဖျာပုံမြို့နယ် အနယ်နယ်အရပ်ရပ်မှ လောင်းကစားကြသူများက ယင်းကြက်၀ိုင်းသို့ လာရောက် လောင်းကစားကြကြောင်း သိရှိရသည်။
“အဲဒီကြက်၀ိုင်းက ရဲလည်း မဖမ်းရဲဘူး။ ဦးဆောင်လုပ်နေတာက ခလရ ၉၈ တပ်က ဗိုလ်မှူးကြည်စိုးဆိုတော့ ဘယ်ရဲက လာဖမ်းရဲမလဲ။ နောက်တစ်ခုက ကြက်၀ိုင်းလာသူတွေကို အကောက်ပေးရတယ်။ လောင်းကြေးကလည်း သိန်းရာချီရှိတယ်။ ဒေသခံကတော့ သန်းခိုင်က ဒိုင်ပေါ့။ ” ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။
ဒေသခံ သန်းခိုင်က လောင်းကစား ကြက်၀ိုင်းပွဲတရားဝင်လုပ်ရန်အတွက် ဗိုလ်မှူးကြည်စိုးကို ငွေကျပ် ၁၅ သိန်းပေးရကြောင်း၊ အခြားသော စားသောက်သွားလာမှုနှင့် ကားဓာတ်ဆီဖိုး စရိတ်များလည်း ပေးရကြောင်း သိရှိရသည်။
အဆိုပါလောင်းကစား ကြက်၀ိုင်းသည် အုတ်တွင်းကျေးရွာတွင် လစဉ် အပတ်စဉ် ကျင်းပလျက်ရှိကြောင်း သိရှိရသည်။