24.9 C
Yangon

ပဲခူး၊ မန္တလေးတိုင်းတို့တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စုဆောင်းမှုများ စစ်ကောင်စီက အတင်းအဓမ္မလုပ်ဆောင်နေ၊ ပြည်သူ့စစ်မဝင်လိုသူများအနေဖြင့် ငွေကြေး ခြိမ်းခြောက်တောင်းခံနေရ

Must read

ပဲခူး၊ မန္တလေးတိုင်းတို့တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စုဆောင်းမှုများ စစ်ကောင်စီက အတင်းအဓမ္မလုပ်ဆောင်နေ၊ ပြည်သူ့စစ်မဝင်လိုသူများအနေဖြင့် ငွေကြေး ခြိမ်းခြောက်တောင်းခံနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ပဲခူး၊ မန္တလေးတိုင်းတို့တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စုဆောင်းမှုများ စစ်ကောင်စီက အတင်းအဓမ္မလုပ်ဆောင်နေပြီး ပြည်သူ့စစ်မဝင်လိုသူများထံမှ ငွေကြေးများ အတင်းအကျပ် ခြိမ်းခြောက်တောင်းခံနေကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ရှိ ကျေးရွာပေါင်း ၁၈ ရွာမှ တစ်ရွာလျှင် လူ ၂၀ မဲနှိုက်ရွေးချယ်နေကြောင်း၊ ပြည် သူ့စစ် (ခ)ပျူစောထီးသင်တန်းတက်ရန် မဲပေါက်သူများအနေဖြင့် စစ်သင်တန်း မတက်လိုပါက လူတစ်ဦးလျှင် ကျပ်သိန်း၂၀ ပေးရန် တောင်းခံနေကြောင်း၊ မဲမပေါက်သည့် အိမ်ထောင်စုများအနေဖြင့်လည်း တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ ကောက်ခံနေကြောင်း သိရှိရသည်။

“မလှိုင်မြို့နယ်၊ သိမ်းကုန်းအုပ်စု၊ သဘွတ်ကုန်းအုပ်စုနဲ့ ကျောက်တန်းအုပ်စုရှိ ကျေးရွာပေါင်း ၁၈ ရွာမှအသက်၁၈နှစ်ကနေ၆၀နှစ်အထိ စစ်သင်တန်းတက်ဖို့ ပြည်သူ့စစ်(ခ)ပျူစောထီးသင်တန်းတက်ဖို့ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဖိအားပေးနေပါတယ်။ ပြည်သူ့စစ်သင်တန်းတက်ရမယ့်ကျေးရွာတွေကတော့ သိမ်းကုန်းအုပ်စုရှိ သိမ်ကုန်းတောင်ရွာ၊ သိမ်ကုန်းမြောက်ရွာ၊ အိုင်သာရွာ၊ အောင်စည်ရွာ၊ ဖက်တောရွာအပါအဝင် ရွာ ၅ ရွာဖြစ်ပါတယ်။ သဘွတ်ကုန်းအုပ်စုမှာ သဘွတ်ကုန်းတောင်ရွာ၊ သဘွတ်ကုန်းမြောက်ရွာ၊ သန်းကုန်းရွာ၊ ရွှေစုခင်ရွာ၊ ဆည်တောရွာ၊ ရေကမိုးရွာ၊ လယ်တာကောင်းတောင်ရွာ၊ လယ်တာကောင်းမြောက်ရွာအပါအဝင် ရွာ ၈ ရွာဖြစ်ပါတယ်။ ကျောက်တန်းအုပ်စုမှာတော့ ကျောက်တန်းရွာ၊ မုံကန်ရွာ၊ ညောင်မြင့်ရွာ၊ မိတ်ကုန်းရွာ၊ ရေအိပ်ကျင်းရွာအပါအဝင် ရွာ၅ ရွာ ဖြစ်ပါတယ်။ စုစုပေါင်း ကျေးရွာပေါင်း ၁၈ ရွာ ဖြစ်ပါတယ်။ စစ်တပ်က သတင်းပေါက်ကြားရင် မီဒီယာကိုသတင်း‌‌ပေးရင်ရွာကိုမီးရှို့မယ်လို့ခြိမ်း‌ခြောက်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ပိုင် လှည်းဆိပ်ဒိုင်နယ် အုပ်စု၊ ကဒါးသဲကျောကျေးရွာတွင်လည်း ပျူစောထီးနှင့် ကျေးရွာအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဟောင်း အောင်လွင်က တစ်အိမ်တစ်ဦး ပြည်သူ့စစ်သင်တန်းတက်ရန် ဖိအားပေးနေကြောင်း၊ ပြည်သူ့စစ်သင်တန်း မတက်လိုလျှင် ငွေကျပ် သိန်း ၅၀ တောင်းခံပြီး လူစားထိုးရမည်ဟု ပြောဆိုကြောင်း၊ ပြည်သူ့စစ် သင်တန်း တက်ရန် မဲမပေါက်သော အိမ်ထောင်စုများအနေဖြင့် လစဉ် ငွေကျပ် ၃၀၀၀၀ ပေးဆောင်ရမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီ ၈ရက်နေ့မှာ ရွာသူရွာသားတွေကို တစ်အိမ် တစ်ယောက်မဖြစ်မနေလာရမယ်ဆိုပြီးတော့ ပြည်သူစစ်သင်တန်းတတက်ဖို့ မဲနှိုက်ခိုင်းခဲ့ပါတယ်။ မဲပေါက်တဲ့ လူ၃၅ယောက်က စစ်သင်တန်းမတက်ချင်ရင် လူ၁ယောက်ကို သိန်း၅၀နဲ့ လူစားထိုးရမယ်လို့ပြောတယ်။ မဲမပေါက်သူတွေက တစ်အိမ်ထောင်ကို တစ်လ ၃သောင်းလစဥ်ထောက်ပံ့စားရိတ်ပေးရမယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့အတူ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် ကျောသာအုပ်စုရှိ ကျေးရွာများတွင်လည်း ပြည်သူ့စစ်သင်တန်းကို အကြောင်းပြ၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ငွေညှစ်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ဝါသ၀ ဦးဆောင်သော ပြည်သူ့စစ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article