ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြတောင်းဆိုမှုများ အောင်မြင်မှုရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်။ ကျိုက်မရော အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၇ ဦးနှင့် ဝန်းရံထောက်ခံသူ ၁၆၄ ဦးတို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုသည့် အချက် ၃ ချက်လုံးကို ထောင်အာဏာပိုင်များ သဘောတူညီခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုင်ငံရေးအကျဉ်းသားများက ဖေဖော်ဝါရီ ၆ ရက်နေ့မှ စတင်၍ အစာငတ်ခံဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်မှ ည ၁၁ နာရီဝန်းကျင်အထိ ကိုယ်ခံအားနည်း၍ ဆေးရုံတင်ခဲ့ရသူ နိုင်ငံရေးအကျဉ်းသား ၈ ဦးအထိ ရှိခဲ့ကြောင်း၊
နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြ၍ တောင်းဆိုခဲ့သည့် အချက်များမှာ စုံစမ်းစစ်ဆေးမှုခံယူနေသည့်အိပ်ဆောင် ၃ မှ အကျဉ်းသား နှစ်ဦး၏ နေ့စဉ်ကျန်းမာရေးကို စစ်ဆေးပေးရန်၊ အကျဉ်းတိုက် မဟုတ်သော အခြားသင့်လျော်စွာနေရာသို့ အမြန်ဆုံးပြောင်းရွှေ့ပေးရန်၊ စုံစမ်းစစ်ဆေးမှုပြီးဆုံးသည်နှင့် တပြိုက်နက် မူလနေထိုင်ရာ အဆောင်သို့ အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးရန်၊ အကျဉ်းသူ၊ အကျဉ်းသားများကို ခေါ်ယူမေးမြန်းမှုများ ပြုလုပ်လိုပါက ထောင်ဖွင့်ချိန်၌သာ ပြုလုပ်ပေးရန် တို့ကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချက်များကို ထောင်အာဏာပိုင်များက သဘောတူလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့က အကျဉ်းထောင်မှာ သဘောတူသွားလို့ ပြီးသွားပြီဆိုပြီး ထားထားလို့ မရဘူး ဆက်လက်စောင့်ကြည့်ရဦးမယ်။ စစ်ကောင်စီအနေနဲ့ ဘယ်လိုမျိုးလှည့်ကွက်တွေနဲ့ ကျွန်တော်တို့ အကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေ ဆက်လာဦးမလဲ၊ ဦးဆောင်ခဲ့တဲ့လူတွေ၊ Hunger Strike မှာ ပါဝင်ခဲ့တဲ့လူတွေကို ဘယ်လိုမျိုး အရေးယူဆောင်ရွက်မှုတွေ ရှိလာနိုင်မလဲ ဒါကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်ဗျ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကျိုက်မရောအကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြခြင်းနှင့် ပတ်သက်၍ အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်မီဒီယာများက ကျိုက်မရော အကျဉ်းထောင်တွင်းတွင် အစာငတ်ခံဆန္ဒပြမှုမရှိဘဲ ကောလာဟလသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့သော်လည်း အကျဉ်းသားများ၏ တောင်းဆိုချက်များ ရရှိခဲ့ကြောင်း သိရှိရသည်။