ကန့်ဘလူနယ် အင်ငုတ်တိုရွာမှ ပြည်သူနှစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုတ်တိုကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ နံနက်ပိုင်း ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံ သတင်းရင်းမြစ်တွေထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ကန့်ဘလူနယ် ချပ်ကြီးပျူစောထီးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ် ခမရ-၃၆၁ နှင့် ပျူ စောထီးအင်အား ၁၅၀ ၀န်းကျင်က အင်ငုတ်တိုကျေးရွာသို့ ၀င်ရောက်ပြီး ကျေးရွာမှ ပြည်သူ အမျိုးသား၂ဦးကိုဖမ်းဆီးသတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်
“အင်ငုတ်တိုရွာမှ အသက် ၄၅ နှစ်အရွယ် ဦးသိန်းမြင့်နှင့် အသက်၂၉ နှစ်အရွယ် ကိုချိုသန်း(ခ)ရွှေအိုးစည် တို့ နှစ်ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်သွားတယ်”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် အဖွဲ့က သတင်းဖော်ပြထားသည်။
ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်တွင် ရှိသည့် အင်ငုတ်တိုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၂ခုနှစ် ဧပြီလနှင့် ဩဂုတ်လတို့တွင် နှစ်ကြိမ်တိုင်တိုင်မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၅၇ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ချပ်သင်းတိုက်နယ်၊ပင့်သာတိုက်နယ်နှင့် ကိုးတောင်ဘို့တိုက်နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမှုများပြုလုပ်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ် ပွားနေကြောင်း၊ ထို့ကြောင့် ကျေးရွာ ၂၅ ရွာထက်မနည်း စစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ် သတ်ဖြတ်သွားသော ပြည်သူတစ်ဦး၏ ကြွင်းကျန်ရစ်သော သွေးများ။
