တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကို ဗုံးသီး အလုံး ၃၀ ကျော်ကျဲချ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိနိုင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းအတွင်းသို့ ဗုံးသီး အလုံး ၃၀ ကျော်ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တနင်္သာရီတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၂ ရက် ည ၇ နာရီခန့်မှ ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းအထိ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၆၅၁ တပ်ရင်းအတွင်းရှိ ကတုတ် ကျင်းနေရာ ဘန်ကာနေရာများအပါအဝင် အကြမ်းဖက်စစ်သားများ နားခိုရာအဆောက်အအုံများကို ဗုံးသီး အလုံး ၃၀ ကျော်ကျဲချတိုက်ခိုက်ခဲ့ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိပြီး စစ်ကောင်စီ တပ်သားများလည်း ထိခိုက်သေဆုံးမှုရှိ နိုင်ကြောင်း သိရသည်။
“နှစ်ရက်လုံး အကြိမ်ကြိမ်ချခဲ့တာပါ၊ အဓိကတော့ ကတုတ်ကျင်း၊ ဘန်ကာလို နေရာမျိုးတွေပေါ့၊ စစ်ခွေးတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပါတယ်၊ သူတို့ပစ်တာတွေက ဘန်လောကျေးရွာရဲ့ အနောက်ဖက်တွေမှာ ကျတာ၊ ကျနော်တို့ရဲဘော်တွေရော၊ ပြည်သူတွေရော၊ နေအိမ်အဆောက်အအုံတွေရော ထိခိုက်ပျက်စီးတာမျိုးမရှိပါဘူး” ဟု ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့တနင်္သာရီတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို ဘက်မလိုက်ပြောက်ကျား ဒရုန်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ဒေသနေပြည်သူများ၊ နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
