34 C
Yangon

ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စုမှ လူငယ် ၃၅ ဦးကို စစ်တပ်က ညအချိန် ဝင်ရောက်ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်း၊ နိုင်ငံတစ်ဝန်း လူငယ်များကို တပ်သားသစ်စုဆောင်းရန် စစ်တပ်က ဖမ်းဆီးမှု များပြားနေ

Must read

ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စုမှ လူငယ် ၃၅ ဦးကို စစ်တပ်က ညအချိန် ဝင်ရောက်ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်း၊ နိုင်ငံတစ်ဝန်း လူငယ်များကို တပ်သားသစ်စုဆောင်းရန် စစ်တပ်က ဖမ်းဆီးမှု များပြားနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စုမှ လူငယ် ၃၅ ဦးကို ယမန်နေ့ညပိုင်း စစ်တပ်က ညအချိန်က ဝင်ရောက် ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်း မန္တလေးတိုင်း၊ မန္တလေး- ပြင်ဦးလွင်ကားလမ်းဘေး ပုသိမ်ကြီးမြို့နယ်၊ အုန်းချောင်စံပြကျေးရွာအုပ်စုရှိ အမေဆယ်တော်ကျေးရွာနှင့် တမုတ်စိုးကျေးရွာတို့မှ လူငယ် ၃၅ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို တစ်ရွာလျှင် လူငယ် ၂၀ ဦးပေးရန် စစ်တပ်က ပြောဆိုခဲ့ပြီးနောက် ကျေးရွာများမှ လူငယ်များကို လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ညက အုန်းချောကျေးရွာအုပ်စု၊ အမေဆယ်တော်ကျေးရွာက လူငယ် ၂၀ ဦး၊ ဆေးခန်းနားက တမုတ်စိုးရွာက လူငယ် ၁၅ ဦးကို ဖမ်းသွားတယ်။ တပ်သားသစ်အဖြစ်ဖမ်းတာ၊ ပေါ်တာဆွဲတာပါ။ အုန်းချောစံပြကျေးရွာအုပ်စုက မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေးနားကရွာတွေပါ။ မန္တလေး ပြင်ဦးလွင် ရှမ်းမြောက်ပိုင်းဘက်တက်တဲ့ ဘက်မှာ ရွာတွေက ။ ကျနော်တို့ဘက်မှာ ညရောက်မှာကို မိဘတွေရော ပြည်သူတွေရော ကြောက်နေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာဝီတိုင်း၊ ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူငယ်များ စစ်မှုထမ်းဆောင်ရန် စစ်တပ်က လာရောက် ခေါ်ဆောင်မှုများရှိကြောင်း၊ ယမန် နေ့ညပိုင်း ဇလွန်မြို့နယ် ကျုံကျိုက်ကျေးရွာမှ လူငယ် ၂ ဦးကို စစ်တပ်က လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ လက်ရှိတွင် ကျုံကျိုက်ကျေးရွာတွင် စစ်သားတချို့ ရောက်ရှိ တပ်စွဲထားကြောင်း၊ ရေလဲကျေးရွာမှ လူငယ်တချို့ကိုလည်း စစ်တပ်က ခေါ်ဆောင်ထားကြောင်း၊ ထို့ပြင် အခြားသော ကျေးရွာများကိုလည်း တစ်ရွာလျှင် လူငယ် ၂၀ ဦးစီ ပေးရန် စစ်တပ်က တောင်းခံနေကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီအချိန် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ၊ ဘဲပြာရွာကျေးရွာမှ လူငယ်၅ ဦးကို စစ်တပ်က တပ်သားစုဆောင်းရန်အတွက် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်း မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ညစျေးတွင် လူငယ်တစ်ဦးက ဆိုင်ကယ်စီးလာသည်ကို စစ်တပ်က တားဆီးကြောင်း၊ သို့ရာတွင် လူငယ် မရပ်ဘဲ ဆက်မောင်းသွားသဖြင့် လိုက်လံဖမ်းဆီးကြောင်း၊ ဖမ်းဆီးရရှိချိန်တွင် လူငယ်ကို စစ်ကားပေါ်တင်၍ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် နယ်မြေ ၁၂ ၊ အမှတ်၂ ရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းဆောင်ရေးအတွက် အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး စာရင်းပေးသွင်းရန် ပြည်သူများကို ဖိအားပေးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article