မိုးမိတ်မြို့ကို စစ်တပ်က ပြန်လည် တိုက်ခိုက်သိမ်းပိုက်စဉ် ပြည်သူ ၁၀၂ ဦးကို သတ်ဖြတ်ခဲ့ပြီး အသက် မပြည့်သေးသူ မိန်းကလေးငယ် ၃ ဦး အပါအဝင် အမျိုးသမီး ၄ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို စစ်တပ်က ပြန်လည် တိုက်ခိုက်သိမ်းပိုက်စဉ် ပြည်သူ ၁၀၂ ဦးကို သတ်ဖြတ်ခဲ့ပြီး အသက် မပြည့်သေးသူ မိန်းကလေးငယ် ၃ ဦး အပါအဝင် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း မြို့မှ ပြည်သူများနှင့် မြေပြင် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့တွင် KIA နှင့် PDF ပူးပေါင်းတပ်များက မိုးမိတ်မြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး ရက်ပိုင်းအတွင်း မြို့နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ယင်းနောက် KIA ဦးဆောင်သော တပ်များက မိုးမိတ်မြို့မှ ပြန်လည် ထွက်ခွာချိန်တွင် စစ်တပ်က ထိုးစစ်ဆင်၍ ပြန်လည် ဝင်ရောက် နေရာယူလာကြောင်း၊ ထိုသို့ စစ်တပ်က ထိုးစစ်ဆင် ဝင်ရောက်လာပြီးနောက် မြို့ပေါ်တွင် ပြည်သူ ၁၀၂ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး အသက် မပြည့်သေးသော ၁၃ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် လူသတ်မှုများကို PDF များက ကျူးလွန်သည့် ပုံစံမျိုး ပုံဖော်ခဲ့ကြကြောင်း၊ မြေပြင်တွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက် ထားသည့်အတွက် ပြည်သူ ရာချီ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ အချိန်မီ သတင်းမတင်ပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်က ပြောဆိုသည်။
မိုးမိတ်မြို့မှ ပြည်သူ ၁၀၂ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ရာတွင် အများစုမှာ မိုးမိတ်မြို့၊ ရွှေဇာလီနှင့် လက်ခုပ်တန်းရပ်ကွက်များမှ ဖြစ်ကြောင်း၊ KIA တပ်များ ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး သတ်ဖြတ်မှုများ ကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးခိုကျင်းထဲတွင် ခိုလှုံနေသူ ပြည်သူများကို လည်း စစ်တပ်က ပစ်သတ်ခဲ့ကြောင်း၊ မုဒိမ်းကျင့်မှုများနှင့် သတ်ဖြတ်မှုများကို အဓိက ကျူးလွန်ခဲ့သည့်တပ်မှာ တပ်မ ၉၉ ဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ တပ်မ ၉၉ က မိုးမိတ်မြို့သို့ ဝင်လာချိန် ရွာတော်လေးကျေးရွာတွင် သားအဖ ၂ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ၊ ဖခင်ကို ကြိုးတုပ်ဖမ်းဆီးခဲ့ပြီးနောက် သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ်ကို မုဒိမ်းကျင့်ခဲ့ကြောင်း၊ ယင်းနောက် သားအဖ ၂ ဦးလုံးကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အတူ အုန်းကြောနှင့် ရွှေဇာလီကျေးရွာအကြားတွင် လင်မယား ၂ ဦးကို ဖမ်းဆီးကာ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ခဲ့ပြီး ဇနီးဖြစ်သူကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း၊ ရွှေဇာလီမှ အသက် ၁၅ နှစ်နှင့် ၁၇ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးကိုလည်း စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မိုးမိတ်မြို့၊ ကျောက်တောင် ၇ မိုင် ကြက်ခြံတွင် စစ်တပ်က အသက် ၆၄ နှစ်ရွယ် အမျိုးသားတစ်ဦးကို ကြိုးဖြင့် ချည်နှောင် ဇောက်ထိုးဆွဲ ပြီး မီးရှို့သတ် ဖြတ်ခဲ့ကြောင်း၊ အဆိုပါကျူးလွန်မှုများကို PDF က လုပ်သည့်ပုံစံမျိုး စစ်တပ်က ကျူးလွန်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
“ဗုံးခိုကျင်းမှာ ခိုနေသူတွေကို စစ်တပ်က ပစ်သတ်ခဲ့တယ်။ တပ်မ ၉၉ ဝင်လာချိန် ရွာတော်လေးမှာ ဖခင်ကိုကြိုးတုပ်ပြီး ဖခင်ရှေ့မှာ အသက် ၁၃ နှစ်အရွယ်မိန်းးတစ်ဦးကို စစ်သားတွေက မုဒိမ်းကျင့်တယ်။ ပြီးတော့ သားအဖ ၂ ယောက်စလုံးကိုစစ်တပ်က သတ်ခဲ့တယ်။ အုန်းကြောနှင့်ရွှေဇာလီရွာအကြားမှာ ခင်ပွန်းဖြစ်သူကိုကြိုးတုပ် ဇနီးဖြစ်သူကိုမုဒိမ်းကျင့်တယ်။ ပြီးတော့ ၂ ဉီးစလုံးကိုသတ်သွားခဲ့တယ်။ ရွှေဇာလီမှ အသက် ၁၅ နှစ်နဲ့ အသက် ၁၇ နှစ်အရွယ် မိန်းက လေး၂ ဉီးကိုလည်း မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြတယ်။ ကျောက်တောင် ၇ မိုင်ကြက်ခြံမှာ အသက် ၆၄ နှစ်အရွယ်အမျိုးသားတစ်ဦးကို ဇောက်ထိုးဆွဲကာ စစ်တပ်က မီးရှို့သတ်ခဲ့တယ်။ တော်လှန်ရေးကိုပုံဖျက်တဲ့ အနေနဲ့ PDFပုံစံတွေပြုလုပ်ကာ ရက်ရက်စက်စက်ပြုလုပ်ဆောင်ရွက်သွားကြတယ်။ မိုးမိတ်မြို့မှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်ပြီးအကြမ်းဖက်လုပ်ရပ်တွေ လုပ်သွားတာကို နိုင်ငံတကာက သိရှိစေရေး ဆောင်ရွက်ပေးနိုင်ရန်တင်ပြပါတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်း အခက်ခဲတွေကြောင့် ပြည်သူတွေ အသတ်ခံရမှု ဖြစ်စဉ်တွေ တင်ပြမှုနောက်ကျသွားပါတယ်” မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။