ရန်ကုန်မှ ကျောက်ဖြူသို့ လေယာဉ်ခရီးစဉ်ဖြင့် ရောက်ရှိလာသော ခရီးသည်များအားလုံးကို စစ်တပ်က ခေါ်ယူစစ် ဆေးပြီး မြို့ခံမ ဟုတ်သူများ ပြန်လည် ထွက်ခွာရန်၊ မြို့ခံများ သန်းခေါင်စာရင်းပြ၍ လာရောက်ခေါ်ဆောင်ရန် စစ်တပ်က ခိုင်းစေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ပြည်တွင်း လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာသော ခရီးသည်များအားလုံးကို စစ်တပ်က ခေါ်ယူစစ်ဆေးပြီး မြို့ခံမဟုတ်သူများ ပြန်လည် ထွက်ခွာရန်၊ မြို့ခံခရီးသည်များကို မိသားစုက သန်းခေါင်စာရင်းပြ၍ လာရောက်ခေါ်ဆောင်ရန် စစ်တပ်က ခိုင်းစေထားကြောင်း မြို့နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့မှ ကျောက်ဖြူမြို့သို့ ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာသော ခရီးသည်များကို စစ်တပ်က ရမ္မာ၀တီမြို့တော်ခန်းမသို့ ခေါ်ဆောင်သွားကြောင်း၊ မြို့တော်ခန်းမတွင် စစ်တပ်က ခရီးသည်များကို စစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် နယ်ခံမဟုတ်သော ခရီးသည်များကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လေယာဉ်လက်မှတ် ဝယ်ယူ၍ ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် ၊ နယ်ခံ ခရီးသည်များအတွက်မူ ကျောက်ဖြူမှ မိသားစုက သန်းခေါင်စာရင်းပြ၍ လာရောက်ခေါ်ယူရန် စစ်တပ်ကခိုင်းစေခဲ့ကြောင်း သိရှိရသည်။
“မနေ့ ညနေပိုင်း ရန်ကုန်ကနေ ကျောက်ဖြူလာတဲ့ ပြည်တွင်းလေကြောင်း လေယာဉ် ပေါ်ပါ ခရီးသည်တွေအကုန် လုံးကို ရမ္မာဝတီ မြို့တော်ခန်းမကို စစ်တပ်က ခေါ်သွားတယ်။ မနေ့ ညနေ ၄နာရီလောက်ကနေ ခရီးသည်တိုင်းကို စစ် ဆေးပါတယ်။ အခြားမြို့နယ်တွေကလာတဲ့ ခရီးသည်တွေကို ရန်ကုန်ပြန်လွှတ်မယ်။ လေယာဉ် လက်မှတ် ပြန်ဖြတ်ရမယ်လို့ ပြောပါတယ်။ ကျောက်ဖြူ ဒေသခံ ခရီးသည်တွေဆိုရင်တော့ မိသားစုတွေက အိမ်ထောင်စုစာရင်းနဲ့ လာခေါ်ခိုင်းတယ်။ ရန်ကုန်ပြန်ရမယ့် ခရီးသည်တွေကတော့ ဒီနေ့ ပြန်ရမယ်” ဟု အဆိုပါဖြစ်စဉ်ကို သေချာစွာ သိရှိထားသူ ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ရှင်းပြသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ် ကျောက်ဖြူမှ ရန်ကုန်သို့ လေကြောင်းဖြင့်လာရောက်မည့် ခရီးသည်များအနေနှင့် စီးနင်းခွင့်လက်မှတ်များကို ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသို့ တင်ပြတောင်းခံရမည်ဖြစ်ပြီး ကျန်းမာရေး မကောင်းသူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ခွင့်ပြုချက်ရရှိထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ထွက်ခွာ ခွင့်ပြုမည်ဟု စစ်ကောင်စီက အမိန့် ထုတ်ပြန်ခဲ့ ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကျောက်ဖြူလေဆိပ်နှင့် ပြည်တွင်းလေကြောင်းခရီးစဉ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)