26 C
Yangon

ရှမ်းပြည်နယ်တွင် နေထိုင်သော အသက် ၁၈ နှစ် မှ ၄၅ နှစ်ရှိ တိုင်းရင်းသား မျိုးနွယ်စု အားလုံး RCSS တပ်တွင် စစ်မှုထမ်းရမည်ဟု ကြေညာဆင့်ခေါ် ၊ ၃ နှစ်ဆက်တိုက် မြေယာများ မလုပ်ကိုင်ဘဲ ပစ်ထားလျှင် သိမ်းဆည်းမည်

Must read

ရှမ်းပြည်နယ်တွင် နေထိုင်သော အသက် ၁၈ နှစ် မှ ၄၅ နှစ်ရှိ တိုင်းရင်းသား မျိုးနွယ်စု အားလုံး RCSS တပ်တွင် စစ်မှုထမ်းရမည်ဟု ကြေညာဆင့်ခေါ် ၊ ၃ နှစ်ဆက်တိုက် မြေယာများ မလုပ်ကိုင်ဘဲ ပစ်ထားလျှင် သိမ်းဆည်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်တွင် နေထိုင်သော အသက် ၁၈ နှစ် မှ ၄၅ နှစ်ရှိ တိုင်းရင်းသား မျိုးနွယ်စု အားလုံး စစ်မှုထမ်းရမည်ဟု RCSS/SSA က ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ရှမ်းပြည်နယ်အတွင်း နေထိုင်သူ တိုင်းရင်သားမျိုးနွယ်စုအားလုံးသည် အသက် ၁၈ နှစ်ပြည့်ပြီးလျှင် ၆ နှစ်တာ RCSS တပ်တွင် စစ်မှုထမ်းဆောင်ရမည်ဖြစ်ပြီး တက္ကသိုလ် ကျောင်းတက်ရောက်ပြီးမြောက်ထားသူများသည် စာသင်ကြားပို့ချတာနှင့် ရုံးလုပ်ငန်းဆောင်များ ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ စက်မှုလက်မှု ကျွမ်းကျင်သူများ အနေဖြင့် လျှပ်စစ်၊ ယာဉ်အမျိုးမျိုး ပြုပြင်ခြင်း၊ တီထွင်ခြင်းများ ပြုလုပ်ရမည် ဖြစ်ပြီး IT(နည်းပညာ) ပိုင်း ကျွမ်းကျင် တတ်မြောက်သူများသည် ဒရုန်းတပ်ဖွဲ့များနှင့် IT ဌာန ၊ website ပိုင်းများတွင် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သမိုင်းဆိုင်ရာ ကျွမ်းကျင်သူများ အနေဖြင့် ပြည်နယ်တွင်း သမိုင်းကြောင်းများကို ပြုစုရမည်ဖြစ်ပြီး စည်းရုံးရေးအားသာသူများသည် ပြည်နယ်တွင်း စုဆောင်း စည်းရုံးရေးများ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူများ အနေဖြင့် ထိုင်း ၊ တရုတ် ၊ လာအို စသည့် နိုင်ငံများ၌ အိမ်ခြံမြေ ၊ လယ်ယာအခင်းများ ပေါင်နှံရောင်းချလိမ်လည်သွားခြင်းများ ပြုလုပ်ခဲ့လျှင် ၎င်း ဥစ္စာပစ္စည်းများကို ဒေသတွင်း ပိုင်ဆိုင် ပစ္စည်းအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း၊ လယ်ယာအခင်းများကို အခြားဒေသဆီသို့ ရောင်းချခြင်း ပြုလုပ်လိုလျှင် ဒေသတွင်းသက်ဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့စည်းများ၏ ခွင့်ပြုချက် ပါရှိရမည်ဖြစ်ပြီး ၃ နှစ်ဆက်တိုက် မပြုလုပ်ဘဲ ထားရှိသည့် မြေယာအခင်းများကို ဒေသပိုင် အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း RCSS က ပြောသည်။

“ဒီစစ်မှုထမ်း ဥပဒေက ကျနော်တို့ RCSS/SSA စဖွဲ့ကတည်းကရှိတယ်၊ ဒါပေမယ့် အခြေအနေအရ ပြန်လည်ထုတ်နုတ်ပြီးတော့မှ ထုတ်ပြန်ရတာဖြစ်ပါတယ်၊ အသစ်တော့ မဟုတ်ဘူးလေ၊ ၃ နှစ်ဆက် တိုက်မလုပ်ဘဲ ပစ်တဲ့ မြေယာအခင်းတွေကို သိမ်းဆည်းမယ်လို့ ထုတ်ပြန်ရတာကတော့ မြေယာဥပဒ နဲ့ဆိုင်တာပေါ့၊ မြေယာဥပဒေကတော့ ကျနော်တို့ ပြည်ထဲရေးဌာနမှာ အောက်မှာ ကျင့်သုံးနေတာ အရင်ကတည်းကရှိတယ်၊ဒါပေမယ့် အခုက ကိုဗစ်နောက်ပိုင်းမှာကိုဗစ်က ၂ နှစ်ကျော်ကျော်လောက် ဖြစ် တယ်၊ နောက်ပိုင်းမှာလည်း အာဏာသိမ်းတာတွေဘာတွေရှိတယ်ဆိုတော့ ပြည်သူတွေ က စား ဝတ် နေရေးခက်ခဲလာတယ်၊ နောက်တိုက်ပွဲတွေ စစ်ပွဲတွေများလာတဲ့အခါကျတော့ ပြည်သူတွေက တခြားနေရာဒေသကို ဝမ်းစာရေးအတွက် ထွက်ရှာ တာတွေများလာတယ်၊တချို့ကျတော့လည်း အိမ် ယာတွေ၊ စိုက်ခင်းတွေကို ထားရှိခဲ့တာပေါ့၊ တချို့ကျတော့လည်း ဒီအတိုင်းစွန့်ပစ်ပြီးတော့ သွားတာ တွေရှိတော့ အခြေအနေတော်တော်ဆိုး သွားတယ်၊ ဒါကြောင့် ကျနော်တို့စိတ်ပူတာက ရေရှည်မှာ အနာဂတ်မှာပေါ့၊ သူတို့ရဲ့သားသမီးတွေဆိုရင် တခြားနေရာဒေသမှာ သွားနေတယ်ဆိုရင် တခြား မှတ်ပုံ တင်လည်းမရှိ၊ ပြန်လာလို့ရှိရင်လည်း ကိုယ့်အိမ်ယာတွေလည်းမရှိနဲ့ တခြားမှာနေရင်လည်း နိုင်ငံသားမဲ့သွားမယ်၊ ပြန်လာလို့ရှိရင်လည်း အိမ်ယာပိုင်မရှိနဲ့ဆိုတော့ သူတို့သားသမီးတွေက အနာဂတ်ပျောက်သွားလိမ့်မယ်၊ ဒါကြောင့် ကျနော်တို့က ဒီလိုထုတ်ပြန်ရတာ ဖြစ်တယ်၊ သိမ်းဆည်း တယ်ဆိုတာ တကယ်တမ်းကျတော့ ကျေးရွာနဲ့ သက်ဆိုင်တာတွေက ထိန်းသိမ်းထားတာပါ၊ ကျ နော် တို့အဖွဲ့အနေနဲ့သိမ်းတာတော့မဟုတ်ဘူး၊ သက်ဆိုင်တဲ့ကျေးရွာအုပ်စု မှာ သူတို့ပြန်လည် ထိန်း သိမ်းထားမယ်၊ မြေယာစွန့်ပစ်တာ၊ စွန့်ပစ်တဲ့နေအိမ်တွေနည်းသွားအောင်ပေါ့၊ သဘောကတော့ အပိုင်သိမ်းတာမဟုတ်ဘူး၊ သက်ဆိုင်ရာ ရွာတွေက ပြန်ထိန်းသိမ်းထားဖို့ ထုတ်ပြန်တာဖြစ်တယ်။” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဓာတ်ပုံ- RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article