မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးစခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးစခန်းနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးကျေးရွာမှ စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းရှိ စစ်သား ၁ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံး ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ခန့်တွင် မြိုင်မြို့မှ ပြန်ထွက်လာသော စစ်ကောင်စီ ယာဉ်တန်းကို မြိုင်မြို့နှင့် စက်မှု ၂ အကြား အရောက်တွင် မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး ပျက်စီးသွားပြီး စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင်ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော စစ် ကား ၁ စီးကို ကန်တော်စခန်း အနီးအရောက်တွင် ရှေ့ထွက်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို မြိုင်-ပကဖ ၊ GHOST OF ENEMIES တပ်ဖွဲ ၊ DMG (ဓားမင်းကြီးတပ် ဖွဲ့) ၊ အညာမြေပြောက်ကျားတပ်ဖွဲ့ ၊ Black Cobra တပ်ဖွဲ့နှင့် The Red Revolters တပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြိုင်ပကဖ အနေဖြင့် မြိုင်မြို့နယ်တွင်းရှိ စစ်တပ်စခန်းများ ၊ စစ် ကြောင်းများ၊ ထိစပ်မြို့နယ်များရှိ စစ်တပ်စခန်းများ၊ စစ်တပ်ကင်းများကို ဒေသတွင်းကာကွယ်ရေး တပ်များနှင့် ပူးပေါင်းကာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အဆက်မပြတ် တော်လှန်တိုက်ခိုက် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။