30 C
Yangon

ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာတွင် ရှင်ပြုအလှူ ကျင်းပနေချိန် စစ်တပ်က လက်နက်ကြီး ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းသဖြင့် ပြည်သူများ ထွက်ပြေးရ

Must read

ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာတွင် ရှင်ပြုအလှူ ကျင်းပနေချိန် စစ်တပ်က လက်နက်ကြီး ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းသဖြင့် ပြည်သူများ ထွက်ပြေးရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာတွင် ရှင်ပြုအလှူပွဲ ကျင်းပနေစဉ် အကြမ်းဖက်စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈ နာရီခန့်က ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာ၌ ဗုဒ္ဓဘာ ဘာသာဝင်တို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ သားရှင်ပြု၊ သမီးနားသ အလှူတော်မင်္ဂလာပွဲ ပြု လုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာ အတွင်း ဝင်ရောက်လာကြောင်း၊ ထို့ကြောင့် အလှူတော်ပွဲ ပျက်စီးသွားပြီး ကျေးရွာနေပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

“ကြောင်သန်းရွာရဲ့ အရှေ့ဘက် စေတီယျုံရွာမှာ စစ်ကြောင်းက ရောက်နေတာ၊ ကြောင်သန်းနဲ့ စေတီယျုံက သိပ်မဝေးဘူး၊ အဲဒီအချိန်မှာ အလှူကလည်း မိုက်တွေဘာတွေဟစ်ပြီး ပရိတ်အိုးယူဖို့ တွေရော၊ ထမင်းစားဖို့ ဖိတ်ခေါ်တာတွေရောဆိုတော့ ဟိုဘက်ရွာ ဒီဘက်ရွာကြားနေရတာဆိုတော့ စစ်ကြောင်းက လာတော့တာ၊ လက်နက်ကြီးနဲ့ပစ်ပြီး စစ်ကြောင်းက ကူးလာတော့ ပြေးကြရတော့ တာ၊ ထိခိုက်ပျက်စီးမှုတော့ မကြားမိဘူး၊ အဲလိုတော့ မရှိဘူး၊ အလှူပွဲကတော့ ပျက်သွားတာပေါ့” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ထို့သို့ ကြောင်သန်းကျေးရွာအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်း ဝင်ရောက်စခန်းချနေထိုင်သဖြင့် ပြည်သူများ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် အ ပြင် စစ်ကြောင်းထိုးရာလမ်းကြောင်းပေါ်ရှိ မြကုန်း၊ သေတ္တရာ၊ စေတီယျုံ၊ ကြောင်သန်း၊ ကုက္ကိုကုန်း၊ လက်ပံကန် စသည့်ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ရှင်ပြုပွဲကို ဖျက်ဆီးသည့် စစ်တပ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ပုလဲမြို့ပေါ်မှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာခြင်းဖြစ်ပြီး မြကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ ဖေဖော် ဝါရီလ ၁၈ ရက်နေ့က ကုက္ကိုကုန်းကျေးရွာ၌ တစ်ည၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့စ၍ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ စေတီယျုံကျေးရွာ၌ နှစ်ည စခန်းရပ်နားကာ လက်ရှိနံနက်ပိုင်းအထိ ကြောင်သန်း ကျေးရွာ၌ တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင် ထွက်ပြေးနေရသည့် ပြည်သူများ။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article