33 C
Yangon

ရခိုင်ပြည်နယ်တွင် စစ်တပ်က အရပ်သား ပြည်သူများ‌အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများ တရားမျှတမှု ပြန်လည်ရရှိစေရေး ရက္ခိုင်တပ်တော်နှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG အစိုးရ ထုတ်ပြန်

Must read

ရခိုင်ပြည်နယ်တွင် စစ်တပ်က အရပ်သား ပြည်သူများ‌အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများ တရားမျှတမှု ပြန်လည်ရရှိစေရေး ရက္ခိုင်တပ်တော်နှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG အစိုးရ ထုတ်ပြန်

ရန်ကုန်၊ မတ် ၁

ရခိုင်ပြည်နယ်တွင် အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများ‌အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများ တရားမျှတမှု ပြန်လည်ရရှိစေရေး ရက္ခိုင်တပ်တော်နှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG အစိုးရက ယနေ့ မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၁ဝ မိနစ်ခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ကိုရီးယား ဆိပ်ကမ်း ဈေးအတွင်းကို အကြမ်းဖက် စစ်တပ်၏ ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၈၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြာင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကို အကြမ်းဖက် စစ်တပ်၏ လေတပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အလင်းဝင် စစ်သားများ၊ အရပ်သားပြည်သူများ၊ ဆေးရုံ ဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်အုပ်စုနှင့် အပေါင်းအပါများသည် ရခိုင်ပြည်သူများ၏ ဂုဏ်သိက္ခာကို ထိပါးသည့် ပုတ်ခတ် စွပ်စွဲမှုများကိုအသုံးပြုကာ နိုင်ငံသူ နိုင်ငံသားအချင်းချင်းကြား လူမျိုးရေး မုန်းတီးမှုများ ပေါ်ပေါက်စေရန် သွေးထိုးလှုံ့ဆော်မှုများ ပိုမိုလုပ်ဆောင်လာသည်ကိုလည်း တွေ့ရှိရကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ် သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသော ထိခိုက်ဒဏ်ရာရရှိခဲ့ကြရသော ရက္ခိုင်ပြည်သူများအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် အကြမ်းဖက်စစ်အုပ်စု၏ ဖိစီးနှိပ်စက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်နေကြသော ရက္ခိုင် ပြည်သူများအားလုံးနှင့် အတူ တစိတ်တဝမ်းတည်းရှိနေပါကြောင်း အလေးအနက်ထား ပြောကြားလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများ စုဝေးရာ နေရာများဖြစ်သည့် ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ပြီး ပြည်သူလူထုကို နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ ကြီးလေးသော စစ်ရာဇဝတ်မှုများ ကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်း ဖြစ်သောကြောင့် အဆိုပါ ရာဇဝတ်မှုများအတွက် တရားမျှတမှုပြန်လည်ရရှိစေရေး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင်တပ်တော် တို့နှင့် ပူးပေါင်းကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article