စစ်ကောင်စီ၏တပ်စခန်း ၆ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ သိမ်းပိုက်ရရှိ
ရန်ကုန်၊ မတ် ၁၇
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ယနေ့ မတ်လ ၁၇ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီ၏ တပ်စခန်း ၆ ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး မိုးမောက်မြို့နယ်၊ အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တစ်ပြိုင်နက်တည်း စတင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းအချိန်အထိ စခန်း ၆ ခု သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။
KIA က သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်းများမှာ ဆန်ဂန်(Sang Gang)၊ ဘွမ်ဆေ(င်) (Bum Sen)၊၊ ခလုန်ကရုန် (Hkalung Krung)၊မန်ဒါ (Man Da)၊ ဘွမ်ကပေါ်(Bum Kapaw)နှင့် ဖကော်န်(Hpakawn)တို့ဖြစ်ကြောင်း သိရှိရသည်။
“စခန်း ၆ ခုကတော့ ဒီနေ့ ညနေပိုင်းအထိ ရတာဖြစ်တယ်။ မနက်ပိုင်းမှာ ၄ ခု ။ ညနေပိုင်းမှာ ၂ ခုရတယ်။ ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွန်ထမ် ဂမ်ရှောင် ၂၀၂၁ ခုနှစ်၊ ရှေ့တန်းစခန်းများကို စစ်ဆေးနေစဉ်။
