ရန်ကုန်မြို့လယ်၊ ကျောက်တံတားရဲစခန်းအနီး ဆူးလေမီးပွိုင့်တွင် ဗုံးပေါက်ကွဲပြီး ကလေးငယ် ၂ ဦးဒဏ်ရာရ
ရန်ကုန်၊ မတ် ၂၇
ရန်ကုန်မြို့လယ်၊ ကျောက်တံတားရဲစခန်းအနီး ဆူးလေမီးပွိုင့်တွင် ယနေ့ ညပိုင်း ဗုံးပေါက်ကွဲပြီး ကလေး ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၇ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန် ရန်ကုန် မြို့လယ် ကျောက်တံတားရဲစခန်းအနီး ဆူးလေမီးပွိုင့် ကုန်းကျော်တံတားအနီးတွင် ပြင်းအားကြီး ဗုံးတစ်လုံး ပေါက်ကွဲသွားပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း၊ လတ်တလော စစ်တပ်က လမ်းများကို ပိတ်ဆို့ထားကြောင်း သိရှိရသည်။
“ဆူးလေ မီးပွိုင့် အနော်ရထာလမ်းမှာ ပါဆယ် ဗုံးကို ကော်ရှူနေတဲ့ကလေးတွေယူဖွင့်တာမှာ ဗုံးထပေါက်တယ်။
ကော်ရှူတဲ့ကလေးနှစ်ယောက်ထိသွားတယ်။ အရေးပေါ်ကားတွေလာပြီသယ်သွားတယ်” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။
ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့တစ်ဝန်းလုံးတွင် လုံခြုံရေး တင်းကျပ်ထားသည့်အချိန်တွင် ထိုသို့ ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။



