27 C
Yangon

မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို အိမ်ရှင်နိုင်ငံများက ကောင်းမွန်သင့်လျော်စွာ လက်ခံပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

Must read

မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို အိမ်ရှင်နိုင်ငံများက ကောင်းမွန်သင့်လျော်စွာ လက်ခံပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

ရန်ကုန်၊ မေ ၂၃

မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို အိမ်ရှင်နိုင်ငံများက ကောင်းမွန်သင့်လျော်စွာ လက်ခံပေးရန် ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အပြန်အလှန်ဆွေးနွေးမှု အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြ ပြောဆိုခဲ့ကြောင်း သိရသည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် မေလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့ထိ ပထမ အကြိမ် ရွှေ့ပြောင်း နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အပြန်အလှန်ဆွေးနွေးမှု အစည်းအဝေး ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအစည်းအဝေးကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မေလ ၂၂ ရက်နေ့၊ နံနက်တွင် ကျင်းပပြုလုပ်သည့် Strengthening Regular Migration Pathways through Effective Community Engagement and Social Cohesion ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ပါဝင် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံတစ်ခု ဖြစ်သည့် အားလျော်စွာ မြို့ပြနှင့် ကျေးလက်နေ ပြည်သူများအနေဖြင့် ရွှေ့ပြောင်း နေထိုင်မှုကို အစဉ်အလာအားဖြင့် မှီခိုအားထားရကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်ခြင်းသည်လည်း နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်မှု၏ အပေါင်းလက္ခဏာဆောင်သော ခေတ်ရေစီးကြောင်းကို ပြောင်းပြန်ဖြစ်စေခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်း ကျူးလွန်နေသော စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ ရှောင်ပြေးခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ မြင့်တက်လာခြင်း၊ နေထိုင်မှုစရိတ် တဟုန်ထိုးမြင့်တက်လာခြင်း၊ အခြားသော စိန်ခေါ်မှုများအပြင် မကြာသေးမီက စစ်တပ်၏ မတရားစစ်သားစုဆောင်းမှု အစီအစဉ်တို့ကြောင့် ရွှေ့ပြောင်းနေထိုင်ခြင်းကို ပိုမိုလှုံ့ဆော်လျက်ရှိကြောင်း အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း သိရသည်။

မတရား စစ်အာဏာ သိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများ စုပြုံလာခဲ့သည်ဟု IOM မှ မှတ်တမ်းထားရှိကြောင်း၊ ထို့ပြင် အာရှ၊ ဥရောပနှင့် အမေရိကတို့တွင်လည်း မြန်မာရွှေ့ပြောင်းနေထိုင်သူ များ ပြန့်ကျက်လျက်ရှိကြောင်း၊ မြန်မာရွှေ့ပြောင်းနေထိုင်သူများအတွက် မြောက်များစွာသော စိန်ခေါ်မှုများအနက် တိုင်းတပါးတွင် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရေးက သိသာထင်ရှားသည့် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ အသက်အရွယ်၊ ယဉ်ကျေးမှု၊ နောက်ခံနှင့် သက်မွေးဝမ်းကြောင်းများအားဖြင့် ကွဲပြားသည့် အားလျော်စွာ နိုင်ငံခြားရောက် မြန်မာရွှေ့ပြောင်းနေထိုင်သူများ၊ အထူးသဖြင့် အနုပညာရှင်များသည် အတည်တကျ နေထိုင်နိုင်ရေးအတွက် ရုန်းကန်ရကြောင်း၊ ရွှေ့ပြောင်းနေထိုင်ခြင်းအား နောက်ဆုံးရွေးချယ်မှုအဖြစ် မှတ်ယူကြသည့် မြန်မာပြည်သူများအနေဖြင့် စစ်တပ်၏ မတရား စစ်အာဏာသိမ်းမှုကြောင့် ကြုံတွေ့ရသည့် အတွေ့အကြုံများကြောင့် စိတ်ပိုင်း ဆိုင်ရာအရ ထိရှလွယ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့သည်။

UNHCR မှ ယခုလ အစောပိုင်းတွင် Guidance Note on the International Protection Needs of People Fleeing Myanmar အား ထုတ်ပြန်ပေးခဲ့သည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်တွင် ထွက်ပြေး တိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများအား ၎င်းတို့၏ နယ်မြေများတွင် လက်ခံပေးရန်၊ နိုင်ငံရေး ခိုလှုံခွင့် ရရှိရေးကို အာမခံပေးရန်နှင့် အန္တရာယ်ရှိသူကို အတင်းအကြပ်နေရပ် ပြန်မပို့ရေး (principle of non-refoulement) အား အမြဲတစေ လိုက်နာရန် နိုင်ငံများအား တောင်းဆို ထားကြောင်း၊ ထို့ပြင် နိုင်ငံတကာ အကာအကွယ် တောင်းခံသူများအား စာရင်းပြုစုထား ရှိရန်နှင့် စာရင်းသွင်းထားသည့် မှတ်တမ်းအထောက်အထားများအား ထုတ်ပေးရန်လည်း တောင်းဆိုထားကြောင်း၊ သို့ဖြစ်ပါ၍ အိမ်ရှင်နိုင်ငံများဘက်မှ ရွှေ့ပြောင်းနေထိုင်သူများအတွက် အားလုံးပါဝင်ရေး၊ တန်းတူညီမျှသော အခွင့်အရေး၊ ခွဲခြားဆက်ဆံမှုမရှိရေး၊ မျှတစွာဆက်ဆံရေးနှင့် အမျိုးမျိုးသော ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များ ရရှိရေးတို့ကို ပေးအပ်ခြင်း က အလွန်အရေးပါကြောင်း ၊ ယခုနှစ်တွင် ပြုလုပ်မည့် Summit of the Future နှင့်အညီ ရှေ့သို့ တက်ချီလျက်ရှိရာ ရွှေ့ပြောင်းနေထိုင်မှုအား ပြဿနာအဖြစ် ရှုမြင်ခြင်းထက် အိမ်ရှင်နိုင်ငံ များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးသည့် အခြင်းအရာအဖြစ် ရှုမြင်ပါကြောင်း တင်ပြခဲ့သည်ဟု သိရသည်။

ကမ္ဘာတစ်ဝန်းတွင် ဖြန့်ကျက်နေထိုင်လျက်ရှိသော မြန်မာရွှေ့ပြောင်း နေထိုင်သူ အသိုက်အဝန်းများအနေဖြင့်လည်း အိမ်ရှင်နိုင်ငံများ၏ စည်းမျဉ်းစည်းကမ်းများ နှင့် အညီ လိုက်နာနေထိုင်လျက်ရှိကြောင်း၊ ၎င်းတို့သည် အိမ်ရှင်နိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘဲ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံများ၏ အလုပ်အကိုင်ကဏ္ဍ များတွင် ပါဝင်ခြင်းနှင့် အခြားသော နည်းလမ်းများဖြင့် ယင်းနိုင်ငံများ၏ ဖွံ့ဖြိုး တိုးတက်ရေးကို အားဖြည့်ပေးလျက်ရှိကြောင်း၊ ရွှေ့ပြောင်းနေထိုင်မှုအား လက်ခံပေးသော အိမ်ရှင်နိုင်ငံများအား ကျေးဇူးတင်ရှိပါကြောင်း၊ ထို့နည်းတူ နိုင်ငံရေးခိုလှုံမှုနှင့် ရွှေ့ပြောင်းနေထိုင်မှု လုပ်ငန်းစဉ် တို့အတွက် လစ်ဟာနေသည့် ကွက်လပ်များကို ဖြည့်တင်းပေးနိုင်မည့် လိုအပ်သော အစီအမံများနှင့် အရင်းအမြစ်များ ချမှတ်ပေးရန်၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအမျိုးမျိုးမှ အကြောင်းရင်းခံ အမျိုးမျိုးဖြင့် ရွှေ့ပြောင်းနေထိုင်မှုပြုရသူများအတွက် ကောင်းမွန်သင့် လျော်သည့်ရပ်ဝန်းအား ဖန်တီးပေးရန် တောင်းဆိုလိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြ ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article