28 C
Yangon

ILO အုပ်ချုပ်ရေးရာ အဖွဲ့ဝင် Worker Deputy Member ဒေါ်ဖြိုးစန္ဒာစိုးနှင့် တွေ့ဆုံခြင်း အပိုင်း ၁

Must read

“Sanction လုပ်ခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ကို ထိခိုက်မှုတွေ ရှိနေတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ မြန်မြန်ပြုတ်ကျဖို့လိုတယ်။ ဒါမှသာလျှင် ပြည်သူကို ဆက်ပြီးတော့ မသတ်နိုင်မှာ။ အဲဒါကြောင့်မို့လို့ မြန်မြန်ပြုတ်ကျချင်တယ်ဆိုရင် Article 33 ကို သုံးပြီးတော့ လုံးဝကို အလုံးစုံ ပိတ်ချလိုက်ဖို့က အရေးကြီးတယ်”

ILO အုပ်ချုပ်ရေးရာ အဖွဲ့ဝင် Worker Deputy Member ဒေါ်ဖြိုးစန္ဒာစိုးနှင့် တွေ့ဆုံခြင်း အပိုင်း ၁

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် ပြည်သူများကို သတ်ဖြတ်ပြီး အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေသော အကြမ်းဖက်စစ်ကောင်စီကို အလုံးစုံ စီးပွားရေးပိတ်ဆို့မှု လုပ်ရန် အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ် ILO က ဆွေးနွေးမှုများရှိနေရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ILO အုပ်ချုပ်ရေးရာ အဖွဲ့ဝင် ဒေါ်ဖြိုးစန္ဒာစိုးကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ပထမဆုံးမေးခွန်းအနေနဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ILC ၁၁၂ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ပါရဲ့လား။ သူတို့က တကယ်လို့ တက်ခွင့်မရဘူးဆိုရင် ဘယ်လိုအခြေအနေတွေကြောင့် သူတို့ကို တက်ခွင့် ပိတ်ထားတာလဲ။ ပြီးတော့ NUG က ကိုယ်စား လှယ်တွေအနေနဲ့ ဘယ်သူတွေ တက်နေလဲ။

ဖြေ။ ။ ကျွန်မတို့ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံမှာ ပြည်သူ့အစိုးရ National Unity Government ကနေပြီးတော့ အစိုးရအလုပ်ရှင်အလုပ်သမား ကိုယ်စားလှယ်တက်ဖို့အတွက်ကို အမည်စာရင်းတင်ထားပါတယ်။ ပြီးတော့ အကြမ်းဖက်စစ်တပ်ဘက်ကလည်း သူတို့ရဲ့ ကိုယ်စားလှယ် အစိုးရ အလုပ်ရှင် အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်စားလှယ်ကို အမည်စာရင်းတင်ထားတယ်လို့ ကျွန်မတို့ ကြားသိရပါတယ်။ ဆိုတော့ နှစ်ဖက်လုံးကတော့ ဒီမှာ အမည်စာရင်းတင်ကြတယ်ပေါ့နော်။

သို့သော် ကျွန်မတို့မှာ ဘာကောင်းတာလဲဆိုရင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ ၊ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အလုပ်သမား သမဂ္ဂတွေက ပြည်သူ့အစိုးရကို ထောက်ခံ အားပေးတယ်။ အဲဒီအခါမှာ ပြည်သူ့အစိုးရအနေနဲ့ ကျွန်မတို့ NUG ကနေ တင်သွင်းတဲ့ အစိုးရ အလုပ်ရှင် အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်စားလှယ်ကိုတော့ ဒီ ကုလသမဂ္ဂအထွေထွေညီလာခံကနေတော့ ဘယ်ဘက်အခြမ်းကိုမှ အသိအမှတ်ပြုထားတာ မရှိသေးဘူး။

ဆို‌တော့ ILO ကတော့ ကုလသမဂ္ဂရဲ့ အေဂျင်စီတစ်ခုဖြစ်တယ်။ သူ့မှာလည်း လွတ်လပ်တဲ့ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းတော့ ရှိတယ်။ သူ့ရဲ့ ဖွဲ့စည်းပုံနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ သူဆုံးဖြတ်လို့ရတာတွေတော့ ရှိတယ်။ သို့သော် အခုအချိန်မှာ သူက ဘယ်ဘက်က ကိုယ်စားလှယ်ကို လက်ခံရမယ်ဆိုတာကို သူတို့အနေနဲ့ ဆုံးဖြတ်ချက်မချထားရသေးပါဘူး။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကနေပြီးတော့ ။ အဲဒီတော့ NUG က တင်သွင်းတဲ့ အစိုးရ အလုပ်ရှင် အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်စားလှယ်ကိုရော အကြမ်းဖက်စစ်တပ်ဘက်က တင်ထားတဲ့ အစိုးရ အလုပ်ရှင် အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်စားလှယ်ကိုရော အဲဒါကို နိုင်ငံရဲ့ ကိုယ်စားပြုခွင့် ဘယ်ဘက်ခြမ်းကိုမှ မပေးထားသေးဘူး။

သို့သော် ကျွန်မတို့မှာ တစ်ခုအားကောင်းတာက အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂတွေက NUG ကို ထောက်ခံအားပေးတာဖြစ်တဲ့အတွက် ကျွန်မတို့သည် ဒီ ILC ကို နိုင်ငံကိုယ်စားပြုတော့ တက်ခွင့်ရတာ မဟုတ်ပေမယ့် ဒီမှာ ကျွန်မတို့ တက်ခွင့်ရအောင်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂတွေက ကူညီဆောင်ရွက်ပေးတယ်။ ပေးပြီးတော့ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ရေး NUG တင်သွင်းတဲ့ အစိုးရ အလုပ်ရှင် အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်စားလှယ်သွားကြပြီးတော့ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ရေး အားလုံးကြိုးပမ်းကြပါတယ်။

တကယ်ကတော့ NUG က ပြည်ထောင်စုဝန်ကြီး တစ်ဦး တက်ဖို့အတွက်ကို အားလုံးပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့ သို့သော်လည်းပဲ ကျွန်မတို့ ရွေးချယ်ထားတဲ့ အမည်စာရင်းတင်ထားတဲ့ ပြည်ထောင်စုဝန်ကြီးက ကျန်း မာရေးအခြေအနေ သူ ခဏ အနားယူရမှာဖြစ်တဲ့အတွက်ကြောင့် သူ အဲဒီမှာ လိုက်ပါနိုင်ခြင်းမရှိဘူး။ သို့သော် NUG အစိုးရ ကိုယ်စားလှယ်တစ်ဦးပါပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ လူမူရေးမိတ်ဖက်ဖြစ်တဲ့ အလုပ်ရှင်ကိုယ်စားလှယ် ၃ ဦးပါပါတယ်။

ပြီးတော့ ကျွန်မတို့ အလုပ်သမား သမဂ္ဂကိုယ်စားလှယ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂကိုယ်စား လှယ်တွေရယ် ပြီးတော့ မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစုက တင်သွင်းထားတဲ့ အလုပ်သမားကိုယ်စားလှယ် ၂ ဦးပါပါတယ်။ စုစုပေါင်း ၆ ဦးကနေပြီးတော့ ဒီ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ရေးအတွက် ဒီညီလာခံမှာ ဆောင်ရွက်နေပါတယ်လို့ တင်ပြချင်ပါတယ်။

မေး။ ။ ဆရာမကို ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ထောက်ခံမဲ ၉၃ မဲနဲ့ ရွေးချယ်ခံရတဲ့အတွက်ကြောင့် ဘယ်လိုအားသာချက်တွေ ရှိမလဲ၊ ဘာတွေလုပ်နိုင်လဲ။ နောက်ပြီးတော့ စစ်တပ်ကိုယ်စားလှယ်ကို ပယ်ချဖို့အတွက်ရော ဘယ်လောက်အထိ အားသာမှုတွေ ရှိနိုင်မလဲ။ အဲဒါလေး ရှင်းပြပေးပါ။

ဖြေ။ ။ ကျွန်မတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဒီ ITUC လို့ခေါ်တဲ့ International Trade Union Confederation အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်မှာ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ် တယ်။ အဲဒီအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့က ILO ရဲ့ ဖွဲ့စည်းပုံစနစ်အရ အလုပ်သမားကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံပိုင်ခွင့်ရှိတယ်။

ITUC က တင်သွင်းတယ်ဆိုရင် တင်သွင်းခံပိုင်ခွင့်ရှိတယ်။ အဲဒါကြောင့်မို့လို့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် တစ်ကမ္ဘာလုံးက အားလုံး အလုပ်သမားသမဂ္ဂတွေက အားပေးထောက်ခံကြတာဖြစ်တဲ့အတွက်ကြောင့် မြန်မာ့အရေးကို ဇောင်းပေးပြီးတော့ အထူးအာရုံစိုက်နိုင်ဖို့ရာ သမဂ္ဂတွေကြားထဲမှာလည်း ပေါ်လစီကျထားပြီးသား ဆုံးဖြတ်ချက်တွေ ကျထားပြီးသား တကယ့်ကို သူတို့ရဲ့ ညီလာခံတွေကနေ ဆုံးဖြတ်ချက်ချထားပြီးသားပေါ့နော်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ရေးအတွက် အဲဒါကြောင့် သူတို့ မြန်မာ့အရေးကို ကျွန်မ ဇောင်းပေးလုပ်နိုင်ဖို့အတွက်ကို သူတို့ အမည်စာရင်းတင်ပေးတယ်။ တင်ပေးပြီးတော့ နိုင်ငံတွေကနေ ရွေးချယ်၊ ရွေးကောက်တင်မြှောက်တယ်။ ပြီးခဲ့တဲ့ သက်တမ်းမှာလည်း ကျွန်မ ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ သို့သော် အဲဒီတုန်းက ကျွန်မက မြန်မာနိုင်ငံတည်းမှာပဲ ရှိသေးတယ်။ အကြမ်းဖက်စစ်တပ်က ကျွန်မတို့တွေကို ဖမ်းဝရမ်းထုတ်ထားတယ်။ နိုင်ငံတော် ပုန်ကန်မှုနဲ့ ပုဒ်မ ၁၂၄ က နဲ့။ ဒီ့အပြင်ကို ကျွန်မတို့ရဲ့ Passport ကို ပျက်ပြယ်ကြောင်း တစ်မ္ဘာလုံးမှာရှိတဲ့ မြန်မာသံရုံးတွေကို လိုက်ပို့ထားတော့ ကျွန်မတို့က အဲဒီအချိန်မှာပြည်တွင်းထဲမှာ ပုန်းရှောင်တိမ်းရှောင်နေရတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီ အစည်းအဝေးတွေကို မတက်နိုင်ခဲ့ဘူး။

မတက်နိုင်တဲ့အခါကျတော့ ဘာဖြစ်လဲဆိုတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မြေပြင်မှာ ဖြစ်နေတဲ့ အလုပ်သမား အခွင့်အရေး လူ့အခွင့်အရေးအခြေအနေကို ကျွန်မတို့ ကိုယ်တိုင် ထိစပ်ပြီး ပြောဖို့ရာမှာ အားနည်းချက်ရှိခဲ့တယ်။ အဲဒါကြောင် ကျွန်မ နယူးဇီလန်နိုင်ငံအစိုးရကို ကျွန်မကို ခရီးသွားလက်မှတ် ကျွန်မကို ကူညီပေးဖို့အတွက်ကို တောင်းခံတယ်။ တောင်းခံတော့ နယူးဇီလန်အစိုးရက ဒါကို သဘောတူတယ်။

ILO ရဲ့ ညွှန်ချုပ်နဲ့ ပေါင်းပြီးတော့ ကျွန်မ အပြင်ထွက်လို့ရအောင် အစည်းအဝေးတက်လို့ရအောင် သူတို့ဆောင်ရွက်ပေးပါတယ်။ အဲဒီတော့ ကျွန်မ အစည်းအဝေးတက်ခွင့်ရတယ်။ တက်ခွင့်ရတာကတော့ ၂ ကြိမ်ပဲ ရှိသေးတယ်။ အဲဒီမှာ တက်ခွင့်ရခြင်းအားဖြင့် ဘာအခွင့်အလမ်းတွေ ပိုရလာလဲဆိုတော့ အစိုးရတွေ အလုပ်ရှင်တွေကို ကျွန်မကိုယ်တိုင် ကျွန်မလိုက်ပြီးတော့ စကားပြောနိုင်တယ်။ အမှုကိစ္စတွေကို မြန်မာ့အခြေအနေ မြေပြင်အခြေအနေမှာ ဖြစ်နေတဲ့ လက်တွေ့အခြေအနေတွေကို ကျွန်မကိုယ်တိုင် ပြောနိုင်တယ်။ ပြီးတော့ Connection ပေါ့ အချိတ်အဆက်တွေ ရလာတယ်။

အဲဒီအခါမှာ ကိုယ့် ဒီမိုကရေစီ အင်အားစုတွေက ပြောစေချင်တဲ့အသံတွေ၊ အလုပ်သမားထုတွေက ပြောစေချင်တဲ့အသံတွေ၊ သမဂ္ဂတွေက ပြောစေချင်တဲ့အသံတွေကို ကျွန်မတို့ ကိုယ်တိုင် လူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံပြီးတော့ ပြောခွင့်ရတဲ့ အခွင့်အရေးက ဒါကကို ကြီးမားတဲ့ ရလဒ်တစ်ခုဖြစ်တယ်။ ပြီးတော့ ကျွန်မအစည်းအဝေးတက်ပြီးတော့ ဒါတွေ လိုက်ပြောနိုင်တယ်။ အဲဒီတော့ Government Body မီတင်မှာပါခြင်းအားဖြင့် Government Body ကနေ ဆုံးဖြတ်ချက်ချက်မယ့် ဆုံးဖြတ်ချက်တွေမှာ ဆုံးဖြတ်ချက်စာသားအတိအကျက အစ ဒါတွေကို ကျွန်မတို့ ပါဝင်ဆောင်ရွက်နိုင်တယ်။

ဥပမာဆိုရင် ILO က အစည်းအဝေးတစ်ခုမှာ မူကြမ်းမှာ သူတို့ မှားပြီးတော့ စကားလုံးအရ Military Government လို့ သူတို့ မှားပြီးတော့ သုံးမိတယ်။ ကျွန်မကိုယ်တိုင်ပါတဲ့အခါကျတော့ ကျွန်မက စစ်တပ်ကို ငါတို့ရဲ့ အစိုးရအဖြစ် အသိအမှတ်မပြုထားဘူး အဲဒီစကားလုံး ပယ်ဖျက်ပေးပါဆိုတာကို ကျွန်မတို့ တင်ပြနိုင်ခဲ့တယ်။ ဒါက ဆုံးဖြတ်ချက်တွေ အားလုံးမှာ Government ဆိုတဲ့ အသုံးအနှုန်းမပါအောင်ကို ကျွန်မတို့ လိုက်လုပ်လို့ရတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုထားဘူး။ ဒါကြောင့်မို့လို့ အဲဒီ ကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ကျွန်မတို့ တင်ပြနိုင်ခဲ့တယ်။ တားဆီးနိုင်ခဲ့တယ်။ ဒါက လုပ်နိုင်ခဲ့တဲ့ဟာပေါ့။

ပြီးတော့‌ ရှေ့ဆက်လုပ်မယ့် ကိစ္စရပ်တွေမှာလည်း အကြမ်းဖက်စစ်တပ်က စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ ဘာမှတိုးတက်ပြောင်းလဲမှု မရှိဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်ပြီး ကျူးလွန်နေဆဲပဲ၊ အဓမ္မလုပ်အားစေခိုင်းမှုတွေကို ကျူးလွန်နေဆဲပဲ ။ ဒီအပြင်ကို စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းပြီးတော့ လူငယ်တွေကို အတင်းအဓမ္မစုဆောင်းတယ်ဆိုတဲ့ ဟာတွေ ဒါတွေကို တင်ပြနိုင်ခဲ့တယ်။ တင်ပြပြီးတော့ အဆောတလျင် လုံးဝတုံ့ဆိုင်းခြင်းမရှိဘဲနဲ့ အရေးယူဖို့ ဆိုတဲ့ဟာကို လူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီးတော့ ဆောင်ရွက်နိုင်တဲ့ဟာက ဒါက ကျွန်မအတွက် ကြီးမားတဲ့ ၊ ကျွန်မတို့ အဖွဲ့အစည်းအတွက်၊ သမဂ္ဂအတွက်၊ အင်အားစုအတွက် ကြီးမားတဲ့အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ကျွန်မ ပြန်ပြောချင်ပါတယ်။

မေး။ ။ စစ်ကောင်စီကို ILO ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ဆိုတာ တောက်လျှောက် အရေးယူဖို့ တောင်းဆိုနေတာ တွေ့တယ်လေ။ အဲဒီလိုမျိုး အရေးယူလိုက်မယ်ဆို ဘာတွေ ဖြစ်မလဲ၊ ဒီလို အရေးယူလိုက်လို့ရှိရင်ကော စစ်ကောင်စီကို ဘယ်လောက်အထိ ထိခိုက်သွားမလဲ အဲဒီဟာလေးတွေကိုရော ပြည်သူလူထုသိအောင် ရှင်းပြလို့ရမလား ။ ဒီဟာက ဘယ်လောက် အတိုင်းအတာအထိ အရေးယူခံရရင်။

ဖြေ။ ။ ပြည်သူလူထုအားလုံးသိကြတယ်။ ကျွန်မတို့ ပြည်သူတွေ လိုလားတောင့်တနေတာက အကြမ်းဖက်စစ်တပ်ကို လူရာမသွင်းဖို့၊ ဒါကြောင့် အစည်းအဝေးတိုင်းမှာ အကြမ်းဖက်စစ်တပ်မပါနိုင်အောင် ကျွန်မတို့ အင်အားစုတစ်ရပ်လုံးက တွန်းတွန်းတိုက်တိုက်ကို ကြိုးစားတယ်။ ILO က လုပ်တဲ့ မီတင်တွေမှာ ၊ ကုလသမဂ္ဂက လုပ်တဲ့ အစည်းအဝေးတွေမှာ လူထုကိုယ်တိုင် သိပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေက အကြမ်းဖက်စစ်တပ်နဲ့ တွေ့ရင်တောင်မှ ပြည်သူလူထုသည် ဒေါသထွက်တယ်၊

ဘာဖြစ်လို့လဲဆိုတော့ ဒီလို လူသတ်ကောင်တွေနဲ့ နင်တို့ တွေ့ရသလားဆိုတဲ့ဟာမျိုး ကျွန်မတို့က ဖြစ်နေကြတာ ရှိတယ်။ နောက်တစ်ခုက အကြမးဖက်စစ်တပ်နဲ့ စီးပွားရေး လာလုပ်တယ်ဆိုရင် ဒါ အကြမ်းဖက်စစ်တပ်ကို အလုပ်ရှင်တွေက အသိအမှတ်ပြုရတယ်။ သူတို့နိုင်ငံက အစိုးရတွေက ဒီအကြမ်းဖက်စစ်တပ်နဲ့ စကားလာပြောရတယ်။ ဒါကို ကျွန်မတို့ ပြည်သူလူထုက မလိုချင်ဘူးဆိုတာ သိတယ်။ အမြဲတမ်းပဲ တောက်လျှောက် ကန့်ကွက်နေတာ။ Article 33 နဲ့ အရေးယူခြင်းအားဖြင့် ကျွန်မတို့ အဲဒီအောက်မှာ ဘာကို ဆက်ပြီးတော့ Action အနေနဲ့ လုပ်သွားမှာလဲဆိုရင် ကုလသမဂ္ဂအေဂျင်စီတွေ အားလုံးက ဒီအကြမ်းဖက်စစ်တပ်နဲ့ အလုပ်မလိုဖို့၊ UN Sanction ပေါ့နော်။

ကုသသမဂ္ဂက တကယ့်ကို ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားစာနာမှုတွက် ပေးတဲ့ ပိုက်ဆံတွေကို လုံးဝ အကြမ်းဖက်စစ်တပ်ကနေ မဖြတ်သန်း မစီးဆင်းဖို့ ဒါတွေကို ဆောင်ရွက်နိုင်တယ်။ နောက်တစ်ခုက စီးပွားရေးပိတ်ဆို့မှု ၊ ဒီလူသတ်ကောင်က နိုင်ငံခြားငွေရတဲ့အခါမှာ ကျွန်မတို့ကို သတ်ဖို့အတွက်ကို အခုပဲ ကြည့် လေယာဉ်ဆီဝယ်နိုင်တယ်၊ လေကြောင်းကနေ ဗုံးကျဲဖို့အတွက် ။ နောက် သူတို့ လိုအပ်တဲ့ ကျည်ဆန်တွေ သူတို့ ဝယ်နိုင်တယ်။ အဲဒီလို သူတို့ မဝယ်နိုင်အောင် ၊ ကျွန်မတို့ရဲ့ ပြည်သူလူထုကို မသတ်နိုင်အောင် သူတို့ရဲ့ ဝင်ငွေ ရပေါက်ရလမ်းကို ပိတ်ဆို့တဲ့ဟာက တော်လှန်ရေး အင်အားစုတွေ အားလုံး လုပ်နေတဲ့ ကိစ္စဖြစ်တယ်။

ဒါပေမဲ့ ကုမ္ပဏီတစ်ခုချင်းစီကို ကျွန်မတို့က လိုက်လုပ်နေတယ်ဆိုရင် ကျွန်မတို့က ပင်ပန်းတယ်။ ပြောမယ်ဆိုရင် သိပ်ပြီးတော့ မထိရောက်ဘူး။ လုပ်တော့ လုပ်နေတယ်။ လိုချင်တဲ့ အတိုင်းအတာအထိ မရောက်ဘူး သို့သော် လက်ရှိကိုပဲ နိုင်ငံတကာကနေ ပိတ်ဆို့ထားတဲ့ Sanction ကြောင့် သူတို့သည့် အရှက်ရနေတယ်။ ဥပမာ စစ်တပ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ မိသားစုတွေကို ဗီဇာ Ban တာ၊ မပေးတာတို့။ သူတို့ရဲ့ သားသမီးတွေ နိုင်ငံခြားမှာ ကျောင်းရင် သူတို့ရဲ့ သားသမီးတွေကို လက်မခံဘူး။ ကျွန်မတို့ ပြည်သူတွေကတော့ ဘာမှ မတတ်နိုင်ဘူး ဒုက္ခတွေ ရောက်နေတယ်။

ဒါပေမဲ့သူတို့ရဲ့ သားသမီးတွေကကျတော့ နိုင်ငံခြားမှာ ကျောင်းတက်၊ သူတို့ရဲ့ ဆွေမျိုးတွေက နိုင်ငံခြားမှာ Shopping ထွက် အဲဒါမျိုးတွေလုပ်တဲ့အခါမှာ ကျွန်မတို့တွေက ဗီဇာ Ban တွေ လုပ်တဲ့အခါ ဒါတွေကလည်း အကြမ်းဖက်စစ်တပ်ကို ဝိုင်းကျဉ်တာ ဝိုင်းဖယ်တဲ့ကိစ္စတွေပေါ့။ အတိုင်းအတာတစ်ခုအထိတော့ ရောက်လာပြီ။ ဒါကြောင့် အကြမ်းဖက်စစ်တပ်က ထောက်ခံအားပေးထားတဲ့ နိုင်ငံရေးပါတီ ၂၅ ခုက စီးပွားရေးပိတ်ဆို့အရေးယူတာတွေ မလုပ်ဖို့ နိုင်ငံတကာကို တောင်းဆိုတဲ့စာ ပြီးခဲ့တဲ့ အပတ်က ထပ်တာ အားလုံး သိကြမှာပေါ့။

Sanction လုပ်ခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ကို ထိခိုက်မှုတွေ ရှိနေတယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ မြန်မြန်ပြုတ်ကျဖို့လိုတယ်။ ဒါမှသာလျှင် ပြည်သူကို ဆက်ပြီးတော့ မသတ်နိုင်မှာပေါ့နော်။ အဲဒါကြောင့်မို့လို့ မြန်မြန်ပြုတ်ကျချင်တယ်ဆိုရင် Article 33 ကို သုံးပြီးတော့ လုံးဝကို အလုံးစုံ ပိတ်ချလိုက်ဖို့က အရေးကြီးတယ်။ အဲဒါကို ကျွန်မတို့ ကြိုးစားနေတာ ဖြစ်တယ်။ ဒါကို မြန်မာနိုင်ငံက ၂၀၀၀ ခုနှစ်မှာလည်း လုပ်ခဲ့ဖူးတယ်။ အကျိုးသက်ရောက်မှု အများကြီးရှိခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်အတွက်တော့ အဲဒါကြောင့်မို့ ဒီဟာကို အစဉ်တစိုက် အလုပ်သမား သမဂ္ဂတွေက တောင်းဆို တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ ပြည်သူ့ အ စိုးရရော ကျွန်မတို့ရဲ့ လူမူရေးမိတ်ဖက် အလုပ်ရှင်ကိုယ်စားလှယ်တွေကရော ဒါကို တစ်သံတည်း ညီပြီးတော့ အကုန်လုံးအတူတူ တောင်းဆိုနေတာ ဖြစ်ပါတယ်လို့ ပြန်ပြောချင်ပါတယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article