29 C
Yangon

ရန်ကုန် မြို့ပြ UG အဖွဲ့များအတွင်း စစ်တပ်က သူလျှိုများ ထည့်သွင်းထား၍ အထူးသတိပြု ဆောင်ရွက်ကြရန် လှိုင် ပကဖ အသိပေး

Must read

ရန်ကုန် မြို့ပြ UG အဖွဲ့များအတွင်း စစ်တပ်က သူလျှိုများ ထည့်သွင်းထား၍ အထူးသတိပြု ဆောင်ရွက်ကြရန် လှိုင် ပကဖ အသိပေး

ရန်ကုန်၊ ဇွန် ၂၂

ရန်ကုန်မြို့ပြ UG အဖွဲ့များအတွင်း အကြမ်းဖက် စစ်တပ်က သူလျှိုများ ထည့်သွင်းထား၍ အထူးသတိပြု ဆောင်ရွက်ကြရန် လှိုင် ပကဖ အသိပေး လှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် မြို့ပြ UG အဖွဲ့ဝင်များကို ဖြိုခွင်းရန်အတွက် နည်းမျိုးစုံ အသုံးပြုလာပြီး UG အဖွဲ့များအတွင်း သူလျှိုများထည့်သွင်းမှုကို တွင်းတွင်းကျယ်ကျယ် ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

လှိုင်မြို့နယ် ပကဖ သည် လွန်ခဲ့သော ၁ လခွဲကျော်တွင် သက်ဆိုင်ရာ ခရိုင်တာဝန်ခံနှင့် ချိတ်ဆက်ကာ mission ဖော်ဆောင်နိုင်ရန် ခရိုင် တာဝန်ခံထံကို လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် mission ဖော်ဆောင်နိုင်ခြင်း မရှိသည့်အတွက် ပေးအပ်ထားသော ပစ္စည်းများကို ပြန်လည်တောင်းခံခဲ့ပြီး ခရိုင်တာဝန်ခံဘက်မှ ထောက်ပို့ရဲဘော်များက လှိုင် ပကဖ ၏ ပစ္စည်းများအပြင် အခြားအပိုပစ္စည်း (လက်လုပ်မိုင်း) ကိုလည်း ပေးအပ်မည့် အကြောင်းဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့သို့ ပြောဆိုလာသည်ကို လှိုင် ပကဖ က ငြင်းဆိုခဲ့ပြီး ပစ္စည်းများ ပြန်လည်အပ်နှံသောနေ့တွင် လှိုင် ပကဖ ၏ ပစ္စည်းများအပြင် လေးထောင့်ကော်ဘူးအပိုပါဝင်လာသည့်အတွက် လမ်းတွင် ဖွင့်ဖောက်စစ်ဆေးရာ အပေါ်ယံတွင် လက်လုပ်မိုင်းကဲ့သို့ ပြင်ဆင်ထားပြီး အလုံပိတ်ထားသော အတွင်းတွင် Mytel sim card အသုံးပြုထားသည့် GPS တစ်ခု ပါဝင်လာသည်ကို စိစစ် တွေ့ရှိရ၍ လမ်းတွင် ပစ္စည်းများကို ဖျောက်ပျက်လိုက်ရကြောင်း လှိုင် ပကဖ က တာဝန်ခံက ရှင်းပြသည်။

“ခရိုင်ဘက်ကရော တိုင်းဘက်ကရော တာဝန်ရှိသူတွေနဲ့တော့ ဒီကိစ္စအပေါ်မှာ အကျေအလည် ဆွေးနွေးထားပြီးပါပြီ။ (သူလျှိုက) ခရိုင်နဲ့ ချိတ်ဆက်ထားတဲ့ သူတွေ အဖွဲ့လို့တော့ ယူဆလို့ရပါတယ်” ဟု လှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောဆိုသည်။

လက်ရှိအချိန်တွင် သူလျှိုကို ခရိုင်ဘက်က ထိန်းချုပ်ထားနိုင်ပြီဟု သိရှိရသော်လည်း လှိုင် ပကဖ အနေဖြင့် ဖြစ်စဉ်နှင့် အတွေ့အကြုံအရ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းနေသည့် အနေအထားဟု သုံးသပ်ရသည့်အတွက် တော်လှန်ရေးအဖွဲ့အစည်းများ၊ မြို့ပြပျောက်ကြားအဖွဲ့များအားလုံး အထူးသတိပြုကာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါရန် သတိပေးစာ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း၊ ယုံကြည်နိုင်လောက်သည့် အခြေအနေများ မရမချင်း ခရိုင်နှင့် လက်တွဲဆောင်ရွက်ရခြင်းများကို ရပ်နားထားမည်ဖြစ်ကြောင်း လှိုင် ပကဖ တာဝန်ခံက ဆက်လက်ပြောဆိုသည်။

“ဒီထုတ်ပြန်ချက်ကလည်း ကျွန်တော်တို့မြို့နယ်နဲ့ထပ်တူ တခြားသော မြေပြင်မှာ တကယ့်ကို ခက်ခက်ခဲခဲ အန္တရာယ်တွေကြားမှာ လှုပ်ရှားနေရတဲ့ အဖွဲ့တွေကို ကိုယ်ချင်းစာလို့ ကျွန်တော်တို့မြို့နယ်ပကဖတာဝန်ခံတွေအနေနဲ့ တာဝန်အရရော လုပ်ပိုင်ခွင့်အရပါ မြို့နယ်ရဲ့သဘောထားတစ်ခုထဲနဲ့ ထုတ်ပြန်တာပါ။ တော်လှန်ရေးစကတည်းက ဒီနေ့ ဒီအချိန်ထိ ရှေ့ဖြစ်စဥ်တွေအပေါ်သင်ခန်းစာယူပြီး နောက်ထပ်ဆိုးရွားမလာနိုင်အောင်နဲ့ တာဝန်ရှိသူအသီးသီးကနေ ကြပ်မတ် ကွပ်ကဲနိုင်ဖို့ကိုလည်း ရည်ရွယ်ပါတယ်”ဟု လှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article