အင်းတော်၊ နံ့သာရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၁၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၂၃
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံ့သာကျေးရွာဘုန်းကြီးကျောင်းကို အကြမ်း ဖက် စစ်ကောင်စီ တပ်က လေကြာင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၁၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ညပိုင်းက အင်းတော်မြို့နယ်၊ နံ့သာကျေးရွာဘုန်းကြီးကျောင်းတွင် ပြည်သူ များစစ်ဘေးရှောင်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲခဲ့ရာ ပြည်သူ ၁၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသဖြင့် ယနေ့နံနက်ပိုင်း ကျေးရွာနေပြည်သူများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ညတုန်းက လေယာဉ်နဲ့ ပစ်သွားတာ။ ၁၀ ယောက်ကျော်ဒဏ်ရတယ်၊ တစ်ယောက်ကတော့ လက် ပြတ်သွားတယ်။ တစ်ကြိမ်တည်းပဲ ပစ်သွားတာ။ အင်းတော်ကနေ လက်နက်ကြီးနဲ့ ပစ်နေတာလည်း ရှိတယ်။ အခုလည်းတိုက်ပွဲဖြစ်နေတုန်း။ တိုက်ပွဲဖြစ်တော့ လူတွေက နံ့သာအောက်ကျင်းဘုန်းကြီး ကျောင်းမှာ သွားရှောင်နေကြတာ။ အောင်းကုန်း၊ နံ့သာ၊ ရွာသစ်ကုန်းဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်နေတာတွေရှိတယ်၊ ဘာတွေထိခိုက်ပျက်စီးလည်းတော့ မသိဘူး။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
Northern ABSDF ၏ ထုတ်ပြန်ချက်တွင် အမှတ် ၁ စစ်ဒေသ လက်အောက် ကသာခရိုင်ရှိ PDF တပ် ရင်းတပ်ဖွဲ့များ၊ KIA တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားစဥ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက အင်းတော်မြို့နယ် နန့်သာကျေးရွာမှ ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးကာ ဘုန်းတော်ကြီးကျောင်း၌ ပိတ်လှောင် ထားကြောင်း၊ ယင်းနောက် စစ်တပ်က ဇွန်လ ၂၂ ရက်နေ့ ည ၁၂ နာရီအချိန် တံတားဦးလေ တပ် မှ တက်လာသော တိုက်လေယာဥ်ဖြင့် ဗုံးကျချရာ ဘုန်းတော်ကြီးကျောင်းကို တည့်တည့်ထိမှန်ခဲ့ကြောင်း၊ ဗုံးကျရောက်မှုကြောင့် ဘုန်းကြီးကျောင်းတွင် စစ်တပ်၏ ဖမ်းဆီးမှု ခံထားရသော သံဃာ ၁ ပါး၊ ကလေး ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။