32 C
Yangon

စစ်ကောင်စီက ဆန်ကုန်သည်၊ ဆန်စက်နှင့် စပါး သိုလှောင်သူများကို ဖမ်းဆီးနေခြင်းကြောင့် ဆန်နှင့် စပါး စျေးကွက်များပျက်စီး

Must read

စစ်ကောင်စီက ဆန်ကုန်သည်၊ ဆန်စက်နှင့် စပါး သိုလှောင်သူများကို ဖမ်းဆီးနေခြင်းကြောင့် ဆန်နှင့် စပါး စျေးကွက်များပျက်စီး

ရန်ကုန်၊ ဇွန် ၂၄

အကြမ်းဖက်စစ်ကောင်စီက ဆန်ကုန်သည်၊ ဆန်စက်နှင့် စပါး သိုလှောင်သူ များကို ဖမ်းဆီးနေခြင်းကြောင့် စပါး ဝယ်သူမရှိဘဲ စျေးကွက်များပျက်စီးနေကြောင်း​ ဆန်စပါးစျေးကွက်အတွင်းမှ ကုန်သည်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ဇွန်လ ၂၀ ရက်နေ့မှ စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ပွဲရုံပိုင်ရှင်များကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိရာ နိုင်ငံအနှံ့မှ ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ပွဲရုံပိုင်ရှင်များ အဖမ်းခံရပြီး စက်ရုံ၊ ဆန်စက်နှင့်ဂိုဒေါင်များပါ ချိတ်ပိတ်ခံရကြောင်း၊ ယင်းနောက် ဆန်စျေးကွက်ပါ အရောင်းအဝယ် မလုပ်ရဲတော့ဘဲ ကုန်သည်အများစု တိမ်းရှောင်နေရကြောင်း၊ နယ်ဒေသများတွင် စပါး ဝယ်မည့်သူပင်မရှိတော့ ကြောင်း သိရှိရသည်။

“တောင်သူတွေဟာအခက်တွေ့နေပါတယ်။ စပါးကပေါ်နေပြီ။ ဝယ်သူကမရှိသလောက်ဖြစ်နေတယ်။ ရောင်းသူကများနေတာ။ စစ်ကောင်စီသတ်မှတ်တဲ့ ဆန်စျေး၊ စပါးစျေးနဲ့ အရောင်းအဝယ်လုပ်ရမှာဆိုရင် မြေဆီစျေးနဲ့စက်သုံးဆီ​ စျေးကျမှ မိုးစပါးတွေ ဆက်လုပ်နိုင်မယ်။ အဲဒီလိုမဟုတ်ရင်တော့ မိုးစပါး တောင် လုပ်ဖို့ အတော်စဉ်းစားနေရတယ်။ လုပ်ရင်တောင်မှ လက်ရှိ ကိုယ့်စားဖို့လောက်ပဲ လုပ်ကြတော့မှာ။ စျေးတွေက သွင်းအားစုတွေက စျေးမကျဘူး။ ဆန်စျေး၊ စပါးစျေးကတော့ သတ်မှတ်ထားတော့လေ” ဟု ရွှေဘိုမြို့နယ်မှ လယ်သမားကြီးတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် နွေစပါး ရွှေဝါထွန်း တင်းတစ်ရာလျှင် ငွေကျပ် ၁၆ သိန်း ဝန်းကျင်စျေးပေါက်နေပြီး စပါးရိတ်ခ၊ မြေဩဇာစျေး၊ စက်သုံးဆီစျေးများ မြင့်တက် နေ၍ ထုတ်လုပ်မှု စရိတ်များ အလွန်မြင့်တက်လာနေကြောင်း၊ စပါးရိတ်ခမှာ တစ်ဧကလျှင် ငွေကျပ် ၁ သိန်းခွဲမှ ၁သိန်း၇သောင်းအထိပေါက်နေသိရှိရသည်။

ထို့ပြင် ဆန်စျေးအဆမတန်မြင့်တက်မှုကြောင့်ဟုဆိုကာ ဆန်လုပ်ငန်းရှင် နှင့် ဆန်ကုန်သည်တချို့ကို စစ်ကောင်စီ က ဖမ်းဆီးစစ်ဆေးနေစဉ် သက်သာသော စျေးနှုန်းဖြင့် ဆန်ရောင်းပေးမည်ဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် နှင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် တို့အပါအဝင် ဆန်စပါးလုပ်ငန်းရှင် ၁၀ ဦးထက်မနည်း ကို စစ်ကောင်စီက ဇွန်လ ၂၁ ရက်နေ့တွင် ခေါ်ယူစစ်ဆေးနေခြင်းလည်းဖြစ်သည်။

စစ်ကောင်စီက ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်၊ ဧည့်မထ (ဆန်ကြမ်း) တစ်အိတ်လျှင် ၇၂,၀၀၀ကျပ်မှ ၇၅,၀၀၀ကျပ် အတွင်းသာ ရောင်းချရန် သတ်မှတ်ထားကြောင်း ဆန်စပါးအသင်းချုပ်က ကြေညာသည်။

ဝယ်ယူသူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန်တစ်အိတ်နှင့် ဧည့်မထအမျိုးအစား ဆန်အိတ်တစ်အိတ်ကို အိမ်ထောင်စုစာရင်း မိတ္တူနှင့် အိမ်ထောင်စုစာရင်းမှတ်ပုံတင်မူရင်းတို့ဖြင့် လာရောက်ဝယ်ယူနိုင်ကြောင်း၊ ဆန်များကို ဇွန်လ ၂၄ ရက်မှ စတင်ရောင်းချမည်ဖြစ်ကြောင်း ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article