31 C
Yangon

သာသနာ့အမှတ်အသားမပါခြင်း၊ အရပ်အိမ်စီးကားဖြစ်ခြင်း၊ ယာဉ်မရပ်တန့်ခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် ဝင်းနိမ္မိတာရုံဆရာတော်၏ကားကို စစ်တပ်က ပစ်ခတ်ခဲ့ရဟု အကြမ်းဖက် မင်းအောင်လှိုင်က တောင်းပန်

Must read

သာသနာ့အမှတ်အသားမပါခြင်း၊ အရပ်အိမ်စီးကားဖြစ်ခြင်း၊ ယာဉ်မရပ်တန့်ခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် ဝင်းနိမ္မိတာရုံဆရာတော်၏ကားကို စစ်တပ်က ပစ်ခတ်ခဲ့ရဟု အကြမ်းဖက် မင်းအောင်လှိုင်က တောင်းပန်

■ ဆရာတော်ကြီး ပစ်သတ်ခံရမှု ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာ မဖြစ်နိုင်ဟု ဆရာတော်များတုံ့ပြန်

ရန်ကုန်၊ ဇွန်၂၄

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကြီး လိုက်ပါသော ကားသည် အရပ်အိမ်စီးကားဖြစ်သည့်အပြင် သာသနာ့အမှတ်တံဆိပ်မပါခြင်း၊ အရပ်အိမ်စီးကားဖြစ်ခြင်း၊ ယာဉ်မရပ်တန့်ခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် စစ်တပ်က ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ တောင်းပန်လိုက်သည်။

ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်အချိန် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာ တော် ၏ ရုပ်ကလပ် ဈပနာပြုလုပ်နေရာ ကျောင်းတိုက်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကိုယ်စား စစ်ကောင်စီကိုယ်စား လှယ်များက တောင်းပန်လွှာ လာရောက်တင်သွင်းခြင်းဖြစ်သည်။

“သာသနာ့ရေးနှင့်သက်ဆိုင်သည့် အမှတ်အသားများမပါရှိသည့် အရပ်ယာဉ်ဖြစ်ပြီး တံဆိပ် အမှတ် အသားမပါဘဲ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ စစ်ဆေးရန်နှင့် မှန်ချမောင်းနှင်ရန် ရပ်တန့်ရန် တားဆီးဆောင်ရွက်ခဲ့ကြပါသော်လည်းဆက်လက် မောင်းနှင်သွားသည့်အတွက် ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရခြင်းကြောင့် ဆရာတော်ကြီးကို ထိမှန်ပြီး ဘ၀ နတ်ထံ ပျံလွန်တော်မူသွားသည်ကို ဝမ်းနည်းဖွယ်သိရှိရပါသည်ဘုရား။ အရေးယူဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်သွားမည်။ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်၏ ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့် အတွက် တပည့်တော်အနေဖြင့် ဝမ်းနည်းကြေကွဲရသည့်အပြင် အလေးအနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားအပ်ပါသည်” ဟု အကြမ်းဖက်မင်းအောင်လှိုင်က လျှောက်ထားသည်။

ဆရာတော်ကြီး၏ ဈာပနာကို စီမံဆောင်ရွက်နေသော စီမံရေးဆရာတော်ကြီးများကမူ အကြမ်းဖက် စစ်ခေါင်းဆောင်၏ တောင်းပန်မှုအပေါ် ဝမ်းနည်းဖွယ် ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာ မရှိကြောင်း တုံ့ပြန်ပြောဆိုသည်။

“လျှောက်ထားသည့်အတွက် သိရှိရပြီပေါ့လေ။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ် ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး။ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ဖျောက်နိုင်ဘူး။ ဒါပဲပြောချင်တယ်”ဟု ဈာပနာစီမံရေး ဆရာတော်ကြီးတစ်ပါး ကမိန့်ကြားသည်။

ဇွန်လ ၁၉ ရက်နေ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ရာမှ ဆရာတော်ကြီး ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။ မူလက စစ်ကောင်စီက PDF က ပစ်ခတ်သည်ဟု လိမ် လည်သတင်းထုတ်ပြန်ခဲ့သော်လည်း မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာ တော်ကြီး က စစ်တပ်က ပစ်ခတ်သတ်ဖြတ်ကြောင်း မိန့်ဆိုမှသာလျှင် စစ်တပ် ၏ လိမ်လည်မှု ပေါ်ပေါက်သွားခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article