31 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး ပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး ပျက်စီး

ရန်ကုန်၊ ဇွန် ၂၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်အတွင်းရှိ ကျေး ရွာ များကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်နှင့် ည ၇ နာရီ ၄၇ မိနစ်ခန့်အချိန် လယ်ဒိုမြို့အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၁၂၂ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ဟင်္သာဝဲကျေးရွာအရှေ့ ဘက်နှင့် သမင်အင်းကုန်းကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇွန်လ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန်ံ့တွင် မူးမြို့နယ်အတွင်းရှိ အကြမ်း ဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ငတိုးခင် ကျေးရွာ အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ဝင်းရီ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ညနေ ၄ နာရီခန့်တွင် ခမရ−၃၀၇ တပ်ရင်းက ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံးအား ထပ်မံ ပစ်ခတ်ခဲ့ရာ သစ်ဖြူဆိပ်ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ အသက် ၅၃ နှစ်အရွယ် ဒေါ်သင်းသင်းကြူ၊ အသက် ၅၉ နှစ်အရွယ် ဒေါ်မြင့်အေး နှင့် အသက် ၅၃ နှစ် အရွယ် ဦးသက်ဦး တို့ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီနှင့် ည ၉ နာရီခန့်တို့တွင် အကြမ်းဖက် စစ်တပ် ၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၂ မမ လက်နက်ကြီး ၂ လုံးနှင့် ဟောင်ဝှစ်ဇာ ၁၅၅ မမ လက် နက်ကြီး ၁ လုံး စုစုပေါင်း ၃ လုံး ပစ်ခတ်ခဲ့ရာ အင်ဗလာကျေးရွာနှင့် ကဒက်မြောင်ကွင်း တို့ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၄၃၉ က ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ သရက်ကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ် အရွယ် မသစ်ရိတ်စံ၊ အသက် ၄၂ နှစ်အရွယ် မမာဦးနှင့် အသက် ၆၈ နှစ် အရွယ် ဦးအောင်ငွေ တို့ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၅ ရက်နေ့ နံနက် ၂ နာရီခန့် မှ ၅ နာရီခန့် အထိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ခရုကုန်းကျေးရွာ အတွင်း ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ၁၂၂မမ လက်နက်ကြီး ၅ လုံးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာမှ မိုင်းလေးဆိုသူ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၂ မမ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး သမင်အင်းကုန်းကျေးရွာနေ အသက် ၆၀ နှစ်အရွယ် မျိုးမြင့် နှင့် အသက် ၄၆ နှစ် အရွယ် ချစ်ကို တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း၊ ဇွန်လ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ကွေးကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article