27 C
Yangon

ရေဖြူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ခလရ ၂၇၃ တပ်ရင်းမှူး ဗိုလ်မှူး သန်းဌေးအောင် အပါအဝင် သေဆုံးသူများပြား

Must read

ရေဖြူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ခလရ ၂၇၃ တပ်ရင်းမှူး ဗိုလ်မှူး သန်းဌေးအောင် အပါအဝင် သေဆုံးသူများပြား

■ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်၍ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ် ၄၀ ခန့်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၂

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ခလရ ၂၇၃ တပ်ရင်းမှူး ဗိုလ်မှူး သန်းဌေးအောင် အပါအဝင် စစ်သား ၅၀ နီးပါး သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်မှ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်ထိ ရေဖြူမြို့နယ် ၊ သာယာမွန် ကျေးရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်အဆင့်ရှိသူ အပါအဝင် ၇ ဦးသေဆုံးကာ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သာယာမွန်ကျေးရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး စလုံး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၁ ရက် နေ့တွင် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာထဲကို ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ခလရ ၂၇၃ တပ်ရင်းမှူး ဗိုလ်မှူး သန်းဌေးအောင်နှင့် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်မှ ညနေ ၃ နာရီ အထိ ရေဖြူမြို့နယ်၊ မျောက်ချော ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အပြန် အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ၃၈ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်သားများ အသုံးပြု သည့် MA -2 အမျိုးအစား သေနတ်တစ်လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၂၂ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် အကြိမ် ပေါင်းများစွာ ပစ်ခတ်ခဲ့သည့်အပြင်‌ လေကြောင်းမှ K8 -W လေယာဉ်ဖြင့် ၄ ကြိမ်တိုင်တိုင် ဗုံးကျဲ တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မျောက်ချောကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက်အရွယ်ကြီးရင့်သူ အမျိုးသမီး ၁ ဦး သွေးလန့်သေဆုံးခဲ့ရသည့်အပြင် အကြမ်းဖက် စစ်သားများက မျောက်ချောကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်အလုံး ၄၀ ခန့်ကို မီးရှို့ ဖျက် ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း ၊မွန်ပြည်တော်လှန်ရေး တပ် (MSRF) ၊ NMSP(AD) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း – ၁ ၊ KTLA ၊တနင်္သာရီ တပ်ရင်း ၂ ၊ Ye Air Force (YAF) ၊ (Saw Dragon Drone Force – SDDF) ဒရုန်း အထူးတပ်ဖွဲ့ နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article