28 C
Yangon

စမ်းချောင်းတွင် ကျွန်းတောအလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အုပ်ချုပ်ရေးမှူးတချို့နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ကြောက်လန့် ရှောင်တိမ်း

Must read

စမ်းချောင်းတွင် ကျွန်းတောအလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အုပ်ချုပ်ရေးမှူးတချို့နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ကြောက်လန့် ရှောင်တိမ်း

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ ကျွန်းတောအလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်စိုး(ခ) စိုစိုး ပစ် ခတ် ခံရ၍ သေဆုံးပြီးနောက် အုပ်ချုပ်ရေးမှူးတချို့နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ကြောက်လန့် ရှောင်တိမ်းကုန်ကြကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် စစ်တပ်အမာခံထောက်ခံသူ ၊ ကြံ့ဖွတ်ပါတီဝင် စစ်ကောင်စီခန့် ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်စိုးသည် တစ်ဦးတည်း လက်ဖက်ရည်သောက်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ထိုသို့ သေဆုံးသွားပြီး အုပ်ချုပ်ရေးမှူးတချို့၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတချို့မှာ နေအိမ်တွင် မရှိတော့ဘဲ ကြောက်လန့် ရှောင်တိမ်းကုန်ကြကြောင်း သိရှိရသည်။

“မနေ့ညပိုင်း ဧည့်စာရင်းတိုင်ရင်း ရပ်ကွက်ထောက်ခံစာသွားလုပ်တာ။ ရပ်ကွက်ရုံးမယ် အုပ်ကြီးလည်း ပျောက်နေတယ်။ အဲဒါမေးကြည့်တော့ ရုံးမလာတော့ဘူးပြောတယ်။ ထောက်ခံစာမရခဲ့ဘူး။ လမ်းထဲက ရာအိမ်မှူးတွေလည်း ဘယ်ပျောက်ကုန်လဲမသိဘူး။ ဆယ်အိမ်မှူးတွေလည်း အသံတောင် မထွက်နိုင်ဘူး။ တိတ်ကုန်ကြတာ။ အုပ်ကြီးတွေ ရှင်းတာက အတော်ကြာကြာ ငြိမ်ချက်သားကောင်းတော့ မရှိတော့ဘူးထင်နေကြသူတွေ ဒလန်တွေ၊ ကြံ့ဖွတ်တွေ အကုန် ပျောက်ကုန်ကြတာ” ဟု စမ်းချောင်း(တောင်) ရပ်ကွက်မှ ရပ်ကွက်သားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Free Freeland Attack Force (FLA) က စမ်းချောင်းမြို့နယ်၊ ကျွန်းလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်စိုး ( ခေါ် ) စိုးစိုးကို ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်စိုး ပစ်သတ်ခံရမှုအတွက် စမ်းချာင်းမြို့နယ်အတွင်းတွင် ဧည့် စာရင်းစစ်မှုများနှင့် စစ်ဆေးမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်ရန်ရှိနေပြီး ဗဟိုလမ်းနှင့် ကျွန်းတောလမ်းတို့ကို လုံခြုံ ရေးအရ တစ် လမ်းမောင်း စနစ်သို့ ပြန်လည် ပြောင်းလဲလိုက်ကြောင်း သိရှိရသည်။

လတ်တလော စမ်းချောင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကင်းလှည့်မှုများကို နေ့၊ ညမပြတ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်စိုး ပစ်သတ်ခံရသည့် နေရာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article