ထားဝယ်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၁
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာ အကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော VIGO ကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ အများအပြားရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက် ရေးတပ်တော် (DNLA) တပ်ခွဲ (၁) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေး အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDFမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။