29 C
Yangon

လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်း သေဒဏ်ချခံရမှတ်၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်မင်းကိုကို၊ ဗိုလ်မှူးချုပ်စိုးမင်းထက်၊ ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်တို့ကို ထောင်ဒဏ် ၁ နှစ်မှ ၁၅ နှစ် အထိ အသီးသီး ချမှတ်

Must read

လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်း သေဒဏ်ချခံရမှတ်၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်မင်းကိုကို၊ ဗိုလ်မှူးချုပ်စိုးမင်းထက်၊ ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်တို့ကို ထောင်ဒဏ် ၁ နှစ်မှ ၁၅ နှစ် အထိ အသီးသီး ချမှတ်

■ အလယ်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်တပ်မှ အပြီးအပိုင် ထုတ်ပယ်ရှုတ်ချ

ရန်ကုန်၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို စစ်ကောင်စီက သေဒဏ်ကြိုးမိန့်ချမှတ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လအတွင်းတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းကို ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်တို့နှင့်အတူ ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် မေလအတွင်းတွင် ဗိုလ်ချုပ်ဇော်မင်း အပါအဝင် ဗိုလ်ချုပ်များကို ထောင်ဒဏ်များ အသီးသီးချမှတ်ပြီး ပိုင်ဆိုင်မှု များကို ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း၊ သို့ရာတွင် တရုတ်ဘက်မှ တောင်းဆိုလာမှုများအရ ယခုဇူလိုင်ဆန်းပိုင်းတွင် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို ထပ်မံ၍ သေဒဏ်ကြိုးမိန့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လောက်ကိုင် ဒစကမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို သေဒဏ်ကြိုးမိန့်ချမှတ်ပြီးတော့ ဒိုက်ဦးထောင်ကို ပို့ဆောင်ထားပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက ဗိုလ်ချုပ်ဇော်မင်းကို သေဒဏ်ချမှတ်လိုက်မှုကြောင့် လောက်ကိုင်ကိစ္စနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရသော ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့် ၄ ဦး ရှိလာပြီဖြစ်ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်မှ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုတွက် အဓိက တာဝန်ရှိသူဟု သတ် မှတ် ခံရသော လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မ လိုက် နာ မှု၊ တာဝန်မကျေပွန်မှု တို့အပါအဝင် တပ်မတော်အက်ဥပဒေ များ၊ ပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်ခဲ့သည်။

ထို့ပြင်မေလနှောင်းပိုင်းအတွင်း ရာထူးမှ ဖယ်ရှားဖမ်းဆီးခံခဲ့ရသော စစ်ကောင်စီ၏ လက်ရုံးတပ် ညွှန်ကြားရေးမှူးများဖြစ်သည့် စစ်လက်နက်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်၊ သံချပ် ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးတို့ကိုလည်း ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း၊ ဗိုလ်ချုပ်ဝင်းလွင်သည် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပြီး တောင်ငူထောင်သို့လည်းကောင်း၊ ဗိုလ်ချုပ်ဇော်လွင်ဦးကို ထောင်ဒဏ် ၁ နှစ်ချမှတ်ပြီး မန္တလေး အိုးဘိုထောင်သို့ လည်းကောင်း ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် ကချင်ပြည်နယ်၊ ပူတာအိုဒေသမှ စစ်ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်၊ တပ်မ ၇၇ တပ်မမှူးဟောင်းဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန(စစ်ရုံး)မှ ဗိုလ်ချုပ် မင်းကိုကို ၊ တပ်မ ၄၄ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် စိုးမင်းထက်တို့ကိုလည်း ထောင်ဒဏ်များ အသီးသီးချမှတ်ကြောင်း သိရှိရသည်။

“စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်က ထောင်ဒဏ် ၁၅ နှစ်နဲ့ မန္တလေး အိုးဘိုထောင်၊ တပ်မ ၇၇ တပ်မမှူးဟောင်းဖြစ်ခဲ့တဲ့ စစ်ရုံးမှ ဗိုလ်ချုပ်မင်းကိုကိုကတော့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပြီးတော့ တောင်ငူထောင်၊ မြ၀တီ သင်္ဃန်းညီနောင် ဗျူဟာစခန်း ကျဆုံးမှုမှာ တံတား ၂ ကို ထွက်ပြေးခဲ့တဲ့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက်ကတော့ ထောင်ဒဏ် ၁၄ နှစ်နဲ့ တောင်ငူထောင်ကို အသီးသီး ပို့ဆောင်လိုက်ပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ ဝင်းနေမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲ့မှုတွင် ကံသုံးဆင့် ဆရာ တော်ကြီးကို နန်းတွင်းသို့ ခေါ်ယူ စစ်ကြောရေးလုပ်ခဲ့သူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့ပြီး ခုံရုံးဖွဲ့စစ်ဆေးခဲ့ကြောင်း၊ ခုံရုံး၏ စိစစ်ချက်များအရ မပြုကျင့်အပ်သော အပြုအမူတို့ကို ပြုမူခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၏ အပြုအမူကို ရှုတ်ချပြီး မည်သည့်ခံစားခွင့်မှ မပေးဘဲ စစ်တပ်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သေဒဏ်ချမှတ်ခံရသည့် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟေင်း ဗိုလ်ချုပ်ဇော်မင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article