ဝမ်းတွင်းတွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သားသစ်များအဖြစ် မိတ္တီလာ တပ်မ ၉၉ သို့ ပို့ဆောင် ၊ ထွက်ပြေးသော လူငယ်များ၏မိသားစုများထံမှ စစ်တပ်က ဒဏ်ကြေး တစ်ဦးလျှင် ၃ သိန်းတောင်း
ရန်ကုန်၊ ဇူလိုင် ၁၃
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ်များကို တပ်သားသစ်များအဖြစ် မိတ္တီလာ တပ် ၉၉ ထံသို့ ပို့ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်၍ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွာတန်းအုပ်စု လျော်ပင်၊ဇောင်ဂျန်းကုန်းတောင်၊ ရွာသစ်၊ ရွာတန်း၊ ဂုံကွေ့ ၊ စိန်ပန်းပင် ကျေးရွာများသို့ စစ်တပ်က အရပ်ဝတ်များဖြင့် ဝင်ရောက်လာပြီး လူငယ် ၃ ဦးကို နေအိမ်အပေါ်ထိ တက်ဖမ်း ပေါ်တာဆွဲကာ မိတ္ထီလာ တပ်မ ၉၉ စစ်သားစုဆောင်းရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀နာရီအချိန် ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ရွာအတွင်းသို့ အိမ်စီးကား ၃စီးဖြင့် စစ်တပ်က ဝင်ရောက်လာပြီး လူငယ် ၄ ဦးကို နာမည်စာရင်းစာရွက်ဖြင့် ဝင်ရောက်ဖမ်းဆီးကြောင်း၊ လူငယ်များ ထွက်ပြေးသွားသဖြင့် လွတ်မြောက်သွားကြောင်း၊ ယင်းနောက် စစ်တပ်က ကျန်ရှိသော မိသားစုဝင်များကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သဖြင့် လူငယ် ၁ ဦးလျှင် ငွေကျပ် ၃ သိန်း စစ်တပ်ထံသို့ ဒဏ်ကြေးပေးဆောင်၍ လူငယ် ၄ ဦးကို စစ်တပ်ထဲသို့ ပို့ဆောင်ပေးရကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၆နာရီအချိန်တွင်လည်း ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ရွာသို့ စစ်တပ်က ထပ်မံ ဝင်ရောက်လာကာ လူငယ် ၁ ဦးကို ထပ်မံ၍ စစ်သားအဖြစ် စုဆောင်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ယခုအခါ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးတွင် လူငယ်များထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ကျေးရွာများတွင် အဓိကအားဖြင့် ညပိုင်း ချည်ထည်လုပ်ငန်းလုပ်ကိုင်ပြီး နေ့ပိုင်း အိပ်စက်ကြသော ကျေးရွာဖြစ်ကြောင်း၊ လူငယ်များမရှိတော့၍ လုပ်ငန်းများမှာလည်း ထိခိုက်မှုများစွာ ကြုံနေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် တပ်သားသစ်အဖြစ် စုဆောင်းခံရသော လူငယ်များ။