မုံရွာမြို့ အနီးနှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများ ရေနစ်မြုပ်နေပြီး သောင်းနှင့်ချီသော ပြည်သူများ ပိတ်မိနေကာ စားနပ်ရိက္ခာများ လိုအပ်နေ၊ ရေသန့်နှင့် ဓာတ်ဆားများလည်း လုံလောက်မှုမရှိ
ရန်ကုန်၊ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနီးနှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများ ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် သောင်းနှင့်ချီသော ပြည်သူများ ပိတ်မိနေပြီး စားနပ်ရိက္ခာများ လိုအပ်နေကာ ရေသန့်နှင့် ဓာတ်ဆားများလည်း လုံလောက်မှုမရှိကြောင်း ဒေသပြည်သူများနှင့် မုံရွာခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ (၃) Monywa Nightking အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၅ ရက်နေ့မှ စ၍ မုံရွာမြို့အနီးနှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ကျေးရွာ ၅၀ ကျော် ရေနစ်မြုပ်နေပြီး သောင်းနှင့်ချီသော ပြည်သူများ ပိတ်မိနေကာ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။
လက်ရှိချိန်တွင် ကျေးရွာများအတွင်း ဝမ်းရောဂါဖြစ်ပွားမှုမရှိသေးသော်လည်း ရေသန့်နှင့် ဓာတ်ဆားများ လုံလောက်မရှိသောကြောင့် ကြိုတင်စုဆောင်းမှုများ လုပ်ဆောင်ရပြီး ပြည်သူများသည် ဖျားနာရောဂါများ အဖြစ်များနေကာ ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် မြွေဆိပ်ဖြေဆေးများလည်း လိုအပ်လျက်ရှိကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ (၃) Monywa Nightking အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
“ဖျားနာတွေတော့ရှိတယ်။ ဝမ်းနဲ့ ပတ်သက်တဲ့ ရောဂါတွေတော့ မရှိသေးဘူး။ ကင်းကိုက်ခံရတဲ့ ပြည်သူတွေတော့ရှိတယ်။ ဆေးထိုး ဆေးသောက်နဲ့ပဲ တပ်ခွဲက ကျန်းမာရေး စောင့်ရှောင်မှုတွေ ပေးနေပါတယ်။ ဖျားနာကုသတဲ့ ဆေးနဲ့ မြွေဆိပ်ဖြေဆေးတွေတို့ လိုအပ်နေတယ်။ ကျွန်တော်တို့ ဓာတ်ဆားတို့ ရေသန့်တို့ကတော့ လိုအပ်နေတယ်။ နီးစပ်ရာ အလှူရှင်တွေနဲ့ပဲ ဓာတ်ဆားတွေ ရေသန့်တွေကတော့ စုဆောင်းတာတွေလုပ်နေပါတယ်” ဟု မုံရွာခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ (၃) Monywa Nightking အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ရေကြီးမှု ဖြစ်ပွားနေသည့် ကျေးရွာများတွင် စစ်ဘေးရှောင်နေသည့် ကျေးရွာများလည်း ပါဝင်ခြင်းကြောင့် စားနပ်ရိက္ခာများနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း ဆားလင်းကြီးမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများ ဆက်လက်ပြောဆိုသည်။