တနင်္သာရီမြို့နယ်ရှိ ပဝရွာနှင့် သာရဖုံးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
ရန်ကုန်၊ ဇူလိုင် ၁၅
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ပဝရွာနှင့် သာရဖုံးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ က ပြောဆိုသည်။
ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ပဝရွာနှင့် သာရဖုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၁၈ လုံးထက်မနည်း အကြောင်းမဲ့ ဗုံးကျဲ ခဲ့ပြီး စက်လက်နက်များဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်များ ထိခိုက် ပျက်စီးခဲ့ပြီး အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ နှင့် အိမ်မွေး တိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တနင်္သာရီမြို့နယ်၊ မော်တုန်း(အရှေ့)ရွာအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများကို အကြောင်းမဲ့ ပစ်ခတ်နေခြင်းကြောင့် ဒေသ ပြည်သူများ စိုးရိမ်စိတ်များဖြင့် နေထိုင်နေရကြောင်း သိရသည်။

