တနင်္သာရီမြို့ပေါ်ရှိ စစ်တပ် ဂိတ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
ရန်ကုန်၊ ဇူလိုင် ၂၀
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း တနင်္သာရီမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်တောင်ပေါ်မှာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် ယင်းနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် တံတားဂိတ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ လက်နက်အကြီး၊ လက်နက်အငယ်များဖြင့် အဆက်မပြတ် တစ်နေ့ကုန် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“စစ်တပ်ဘက်က ထိခိုက်မှု အရေအတွက်ကိုတော့ ဆက်လက် စုံစမ်းနေပါတယ်။ လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိပါဘူး” ဟု တနင်္သာရီမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ ၊ ဇုန် ၄ တောင်ပံနီအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေး အခြေအနေများအရ ဒေသ ပြည်သူများ၊ခရီးသွား ပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို ရှေးရှု့၍ မေတ္တာရပ်ခံကြောင်း တနင်္သာရီမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
