ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည် နယ်စပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ကျေးရွာ ၃ ရွာကို စီးနင်းပြီး နေအိမ် ၁၀၀ကျော်ကို မီးရှို့ဖျက်ဆီး
■ ရွာပေါင်း ၁၃ ရွာမှ သောင်းနှင့်ချီသော ဘေးလွတ်ရာ ထွက်ပြေးနေရ
ရန်ကုန်၊ ဇူလိုင် ၂၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်က ကျေးရွာ ၃ ရွာကို စီးနင်းကာ နေအိမ် ၁၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် ကန့်ဘလူ-စံပယ်နံ့သာ-ရွှေဘိုလမ်းပိုင်းရှိ ရေအေးရွာအနီး၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ ကင်းပုန်းက ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဒေသ ကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ၊ ဇူလိုင်လ ဒုတိယအပတ်အတွင်း ကျွန်းလှ-တန့်ဆည် အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် နှင့် ပူးပေါင်း စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် နှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ကျွန်းလှမြို့နယ် ညောင်ကိုင်းအုပ်စုတွင်းရှိ မြင်သာရွာမှ နေအိမ် ၁၁ လုံး၊ တန့်ဆည်မြို့နယ်တွင်းရှိ စည်းသာရွာမှ နေအိမ် ၆၃ လုံးနှင့် ဇူလိုင်လ ၁၄ ရက်နေ့၌ တန့်ဆည်မြို့နယ် ပုတီးရွာမှ နေအိမ် ၈၆ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် ဇွန်လမှ စတင်ကာ လက်ရှိအချိန် အထိ နယ်မြေခံ ပျူစောထီးများကို လက်နက်တပ်ဆင်ပေးကာ အင်အားအလုံးအရင်းဖြင့် ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းရှိ ဝက်ပုတ်ရွာ၌ ဇူလိုင်လ ၁၆ ရက်နေ့မှစတင်ကာ အထိုင်ချတပ်စွဲကာ ရွာသားများကို ပျူစောထီးအဖွဲ့ဝင်များအဖြစ် လူသစ်စုဆောင်းနေကြောင်း၊ ကန့်ဘလူ-စံပယ်နံ့သာ-ရွှေဘိုလမ်းပိုင်းတွင်ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီနှင့်ကာကွယ်ရေးတပ်ဖွဲ့များမှ ကားလမ်းပိတ်ထားလျက်ရှိသည်မှာ ၁ လနီးပါးကြာမြင့်နေပြီဖြစ်ကာ ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က အပြည့်အဝထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ အင်တိုင်းရွာ၌ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက အခိုင်အမာတပ်စွဲထားဆဲဖြစ်ပြီး ဇူလိုင်လ ဒုတိယအပတ်တွင်လည်း အင်အား ၂၀၀ ကျော်အသုံးပြုကာ ကျွန်းလှ-တန့်ဆည်အစပ်ရှိ ညောင်ကိုင်း၊ပုတီး၊စည်းသာရွာများသို့ စစ်ကြောင်းထိုး လှုပ်ရှားခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။