ကန့်ဘလူမြို့နယ်၊ သရက်ချောင်းရွာနှင့် သပြေရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံး၊ နေအိမ် ၇၂ လုံးကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သရက်ချောင်းရွာနှင့် သပြေရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ သရက်ခေါင်းရွာနှင့် သပြေသာရွာတို့ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်ကာ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း၊ ဒရုန်းဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် သရက်ခေါင်းရွာမှ ပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရ၍ သပြေသာရွာမှ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သရက်ခေါင်းရွာမှ ပြည်သူပိုင်နေအိမ် ၇၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ဝင်တိုက်တာ။ စစ်ရှောင်ဦးရေက ဘေးရွာတွေရော ဆိုတော့ များတယ်ဗျ၊ ခန့်မှန်းမသိရသေးပါဘူး။ ဒီနေ့ထိထပ်ထိုးနေတော့ ပြောမရသေးတာပါ”ဟု ကျွန်းလှတက်ကြွသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းရွာကို ၆၀၀၆ တကရတပ်မှ ထွက်လာသော အကြမ်းဖက်စစ်သားနှင့်ပျူစောထီးအင်အား ၁၂၀ ခန့်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး Droneဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့သဖြင့် ဒေါ်ဝိုင်းရှင် ၇၅ နှစ် နှင့် သားဖြစ်သူ ကိုသန့်ဇင် ၄၅ နှစ်ခန့်တို့ ဗုံးစ ထိမှန်သေဆုံးခဲ့ပြီး သမီးဖြစ်သူမှာမူ အရေးပေါ်ကုသမှုခံယူနေရကြောင်း သိရသည်။
ယခင်က စစ်ကြောင်း ပြန်လှည့်သွားတတ်၍ ဒေသပြည်သူများမှာ မရှောင်ဘဲ ရွာထဲတွင်ပင် နေနေကြရာမှ အကြမ်းဖက် စစ်တပ်က ဒရုန်းဗုံးသီးချခဲ့ခြင်းကြောင့် အိမ်ကွင်းထဲကျကာ သားအမိ ၂ ဦးသေဆုံးပြီး ၁ ဦး ဆေးကုသမှု ခံယူနေရခြင်းဖြစ်ကြောင်း၊ ထို့သို့ အကြမ်းဖက် ဝင်ရောက်မှုကြောင့် ပြည်သူများ ရှောင်တခင် ထွက်ပြေး တိမ်းရှောင်ကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“ဗုံးချခံရပြီးနောက်ပိုင်းမှ အကုန်ရုတ်ရုတ်သဲသဲဖြစ်ပြီး ထွက်ပြေးကြရတာ။ သက်ကြီးရွယ်အိုတွေကိုလည်း နိုင်သလောက်ထုတ်ရတာ။ လူစုတွေအကုန်ကွဲကုန်တာ။ ကိုယ့်မိသားစုနဲ့ ကိုယ်ကို မတွေ့ရဘူး။ ပြီးမှလှည့်ပတ်ရှာရတာ။ ကိုယ့်ရွာနားတိုက်ပွဲလည်း မရှိတော့ မဝင်ဘူးထင်နေတာ။ အရင်နေ့ကတော့ ကျီကုန်းရွာဂိတ်ကို တော်လှန်ရေးအင်အားစုတွေဘက်က ဝင်ပစ်တာ အတော်အထိနာတယ်ထင်တယ်။ သေနတ် ၁၆ လက်ရတယ်လို့လည်း ပြောကြတယ်။ အဲဒါ မကျေနပ်လို့ စစ်ကြောင်းထိုးပြီး ပတ်မွှေမီးရှို့တာဖြစ်နိုင်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဇီးကုန်းသကြားစက်မှထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၆၀ခန့်သည် ဗောဓိကုန်းဘုရားအနီးမှ ဇီးကုန်းတိုက်နယ်၊သပြေသာရွာကို ၆၀ မမ ဖြင့်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ပြည်သူ အသက်၆၂ နှစ်အရွယ် ဦးသောင်းတင် ထိမှန်သေဆုံးပြီး အသက် ၅၇ နှစ်နှင့် ၅၉ နှစ်အရွယ် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးကုသမှုခံယူနေရကြောင်း၊ထိုစစ်ကြာင်းသည် ဇီးကုန်းသကြားစက်သို့ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
သရက်ခေါင်းရွာတွင် တညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် သရက်ခေါင်းရွာမှ ပြည်သူပိုင်ပစ္စည်းများကို အိမ်ပေါက်စေ့ မွှေနှောက်ရှာဖွေ ခိုးယူပြီး နေအိမ်များအား အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ် ၇၂ လုံးမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ခြင်း ဖြစ်ပြီး သရက်ခေါင်းရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ၄ ကြိမ်ထိခံထားရပြီး ယခုအကြိမ်သည် ၅ ကြိမ်မြောက်မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စစ်ကြောင်းသည် သရက်ခေါင်းရွာကို မီးရှို့ဖျက်ဆီးပြီး နံနက် ၉ နာရီ ဝန်းကျင်တွင် ယောရွာဘက် ဦးတည်ထွက်ခွါပြီး ယောရှာရွာမှတစ်ဆင့် ရှမ်းတပ်ရွာသို့ ဝင်ရောက်ကာ တစ်ညအိပ်တပ်စွဲခဲ့ပြီး ဇူလိုင်လ ၂၇ ရက်နေ့မနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရှမ်းတပ်ရွာမှ ပြည်သူပိုင်နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးကာ နံနက် ၁၀ နာရီဝန်းကျင်တွင် မင်းကုန်းတောရကျောင်းဘက်သို့ ရောက်ရှိနေကြောင်း ကျွန်းလှတက်ကြွသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။