စစ်ကောင်စီတပ်က စွန့်ပစ်ခဲ့သော လားရှိုး စစ်ဆေးရုံမှ စစ်သား လူနာများနှင့် မိသားစုဝင် ၄၇၀ ကျော်ကို MNDAA က ကယ်တင်
ရန်ကုန်၊ ဩဂုတ် ၃
အကြမ်းဖက်စစ်ကောင်စီတပ်က စွန့်ပစ်ခဲ့သော လားရှိုး စစ်ဆေးရုံမှ စစ်သား လူနာများနှင့် မိသားစုဝင် ၄၇၀ ကျော်ကို ကယ်တင်လိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် ဒဏ်ရာရစစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လားရှိုးမြို့၊တပ်မတော်ဆေးရုံတွင် ချန်ထားခဲ့ပြီး MNDAAတပ်ဖွဲ့က ၎င်းတို့အား လုံခြုံရာသို့ လွှဲပြောင်း ပေးခဲ့ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် MNDAAတပ်ဖွဲ့ဝင်များအနေဖြင့် လားရှိုးမြို့၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်အတွင်း၌ ကျန်ရစ်နေသော စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်ချေမှုန်းရာ အရှေ့မြောက်တိုင်း တိုင်းစစ်ဌာနချုပ်၏ တပ်မတော်ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆေးရုံဝန်ထမ်းများသည် အချိန်အတော်ကြာဆုတ်ခွာသွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ အများအပြားနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း လူပေါင်း ၄၇၀ ကျော်ကို တပ်မတော်ဆေးရုံ တွင် စွန့်ပယ်ထားခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က စွန့်ပစ်ခဲ့သူအားလုံးမှာ ပြင်းထန်စွာဒဏ်ရာရသူများဖြစ်ပြီး အများစုမှာ မသန်စွမ်းသည့် စစ်သည်များဖြစ်ကြောင်း၊ ၎င်းတို့၏အထက်အရာရှိများနှင့် ရဲဘော် ရဲဘက်များက ယင်းတို့အား ရက်ရက်စက်စက်စွန့်ပယ်ခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု နှင့် MNDAA၏ စစ်သုံ့ပန်းများအား ကောင်းမွန်စွာစောင့်ရှောက် ဆက်ဆံသောမူဝါဒအရ တိုက်ပွဲများပြင်းထန်နေသော်လည်း MNDAAတပ်ဖွဲ့ဝင်များက ဒဏ်ရာရရှိ သူများနှင့် ၎င်းတို့၏မိသားစုဝင်များကို လုံခြုံရာသို့လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။
လုံခြုံရာနေရာသို့ အပြောင်းအရွှေ့လုပ်ဆောင်နေစဥ်တွင် မသန်စွမ်းသော စစ်ကောင်စီတပ်သားများကို MNDAA တပ်သားများက တစ်လမ်းလုံးကျောပေါ်တင်ပြီးပြောင်းရွှေ့ခြင်း၊ ပြင်းထန်စွာဒဏ်ရာရရှိသူအချို့ကို ပြောင်းရွှေ့ ရင်းပင် ကုသကယ် ဆယ်ခြင်းများပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
လားရှိုးမြို့တိုက်ပွဲမစတင်မီတွင် လားရှိုးမြို့ရှိ အာဏာသိမ်းတပ်၏အကြီးတန်းအရာရှိများက ၎င်းတို့၏ မိသားစုများကို ရွှေ့ပြောင်းရန် စီစဉ်ခဲ့ပြီး မိသားစုဝင်များကို ရဟတ်ယာဥ်များဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း၊ အောက်ခြေ နှင့် ၎င်းတို့၏မိသားစုဝင်များသည် အရွှေ့အပြောင်းမပြုရဟု အမိန့်ထုတ်ပြန်ခဲ့ကြောင်းဟု ဒဏ်ရာရသူထံများမှသိရှိရပါသည်။
စစ်ကောင်စီတပ်အတွင်း လူတန်းစားခွဲခြားမှုကို ထင်ထင် ရှားရှားတွေ့မြင်နိုင်ပြီး အောက်ခြေစစ်သားများ၏ ဘ၀မှာ စစ်အရာရှိများ၏ နိုင်ထက်စီးနင်းခြင်း၊ စွန့်ပယ်ခြင်း၊ စစ်မြေပြင်တွင်ကိုယ်အားကိုယ်ကိုးပြီး ရှင်သန်နေရကြောင်း MNDAA က ထုတ်ပြန်ထားသည်။