မြိတ်-ပုလော လမ်း၊ ခရီးသည်တင် ကားပေါ်တွင် သင်္ဃန်းဝတ်ဖြင့် ဘုန်းကြီး အယောင်ဆောင်ထားသော စစ်သား ၁ ဦး ဖမ်းဆီးရရှိ
ရန်ကုန်၊ ဩဂုတ် ၅
တနင်္သာရီတိုင်း၊ မြိတ်-ပုလော လမ်းပိုင်းတွင် ခရီးသည်တင် ကားပေါ်၌ သင်္ဃန်းဝတ်ဖြင့် အယောင် ဆောင် လိုက်ပါလာသော စစ်သား ၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် မြိတ်- ပုလော လမ်းပိုင်းရှိ ပဝကုန်းကျေးရွာအနီးတွင် တောကြီးမြွေဟောက်တပ်ဖွဲ့(King Cobra Force) မှ ရဲဘော်များက ခရီးသွား ပြည်သူများ အန္တရယ်ကင်းရှင်းစေရန်၊ စစ်တပ် ထောက်တိုင်များ၊ စစ်တပ် အတွက် ရိက္ခာ သယ်ယူပို့ဆောင်မှုများ ကင်းရှင်းစေရန်အတွက် လုံခြုံရေးအရ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ခရီးသည် သယ်ယူပို့ဆောင်ရေး ကား ၁ စီးပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားတစ်ဦးကို ရှာဖွေ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို စစ်ကောင်စီ တပ်သားသည် သင်္ဃန်းဝတ်ဖြင့် အယောင်ဆောင်ကာ လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် မြိတ်ခရိုင် (၁၀၁) တပ်ရင်းမှ လုပ်သက် ၃ နှစ်ရှိသော တပ်သား မောင်ထွေး ဖြစ်ကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
“အယောင်ဆောင် စစ်ခွေးက နယ်မြေအခြေအနေ လိုက်စုံစမ်းဖို့လာတာ ကျွန်တော်တို့ အသေးစိတ် ဆက်လက်သိရဖို့ စစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်။ အဲ့စစ်ခွေးကို အရေးယူမှု အပိုင်းကတော့ အထက်လူကြီးတွေ ဆက်လက် ဆောင်ရွက် ပါလိမ့်မယ်” ဟု တောကြီးမြွေဟောက်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ စစ်ကောင်စီ တပ်သား မောင်ထွေးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်အတွက် စစ်သုံ့ပန်းဥပဒေနှင့် အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များ ပျူစောထီး ၊ စစ်သား ၊ ကားတန်းများနှင့် အနီးကပ်သွားလာခြင်းများ မပြုလုပ်ကြရန်၊ တော်လှန်ရေး တပ်ဖွဲ့များကို တတ်စွမ်းရာနေရာများမှ သတင်းအချက်လက်များပေးပို့ခြင်း၊ ကူညီထောက်ပံ့မှုများ ပြုလုပ်ခြင်း ဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း တောကြီး မြွေ ဟောက် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။