မြင်းမူမြို့ပေါ်နှင့် ဘိုးမင်းကြီးရွာတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
ရန်ကုန်၊ ဩဂုတ် ၅
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်နှင့် ဘိုးမင်းကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ် ၊ ဘိုးမင်းကြီး ကျေးရွာ အနီး မြောင်လမ်းခွဲတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းမူမြို့ အထက ၁ တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံပြီး ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အထိနာပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို People’s Knight Defense Force (PKDF-MMU)နှင့် စစ်ကိုင်းခရိုင်တပ်ရင်း(၇) တပ်ခွဲ(၃) စသောညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။