ပုသိမ်ကြီးမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၂
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၀ ရက်နေ့ ည ၈ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ဘန့်မွှေးရွာတွင် အကြမ်းဖက် စစ်တပ်အတွက် လမ်းပြ လုပ်ဆောင်ပေးနေသော ပျူစာထီး ကျော်မင်း ကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ကျော်မင်း ဆိုသူသည် ၎င်း၏ ဆရာဖြစ်သူ ပျူစောထီး ငဘုန်းနှင့် ပူးပေါင်း၍ အကြမ်းဖက် စစ်တပ်အတွက် သတင်းပေး လုပ်ဆောင်ခြင်း ၊ ဒေသခံ တောသူတောင်သားများထံမှ အဓမ္မ ခြိမ်းခြောက် ငွေကြေး တောင်းခံခြင်းများ အကြိမ်ကြိမ် ပြုလုပ်နေခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အလားတူ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်ကလည်း ဘုရားသိမ်တောင် မိဦးကာဂျာ ကင်မွန်အနီးတွင် အကြမ်းဖက် စစ်တပ်ကို သတင်းပေး လုပ်ဆောင်နေသော စောကေသီ ကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။