26 C
Yangon

ဆောထိ၊ ကျုံဒိုးနှင့် မန်တုံ တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦးဒဏ်ရာရပြီး ပြည်သူ ၁၅ ဦးကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

Must read

ဆောထိ၊ ကျုံဒိုးနှင့် မန်တုံ တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦးဒဏ်ရာရပြီး ပြည်သူ ၁၅ ဦးကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ စက်တင်ဘာ ၄

ပဲခူးတိုင်း၊ ဆောထိမြို့နယ်နှင့် ကျုံဒိုမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း KNU ဗဟိုက ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဆောထိ မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသော အင်အား ၁၀၀ ခန့်ရှိ ခလရ−၅၇ ၊ ခမရ−၃၄၉ ၊ ခမရ−၃၅၀ နှင့် ခမရ−၅၈၄ တို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နွံအိုင် စက်လမ်း တွင် ရွှေလုပ်ကွက်၌ အလုပ်လုပ်ကိုင်သော ပြည်သူ ၁၀ ဦးနှင့် ကျောက်တန်းဂွင်၌ ရာဘာခြံ လုပ်ငန်း လုပ်ကိုင်နေသော ပြည်သူ ၅ ဦးတို့ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညနေ ၆ နာရီအချိန်ခန့်တွင် ကျောက်တန်းရွာမှ အသက် ၁၆ နှစ်အရွယ် ဖြိုးမင်း ထက်နှင့် အသက် ၃၀ နှစ်အရွယ် ထက်လင်းအောင် တို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖမ်းခံရသော ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးနှင့် ကျည်များ ထမ်းခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ မင်းလမ်းသံဆိပ် စခန်း အထိ ခေါ်ဆောင်သွားပြီး ည ၇ နာရီ ၅၂ မိနစ်ခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ တံတားကျိုးတပ်သစ် အမြှောက်ကုန်းမှ ၁၂၂ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ရေပူကြီး ကျေးရွာအုပ်စု လှိုင်ကွယ်ကျေးရွာ အောက်ပိုင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ်အရွယ် စောပြည့်ဖြိုးအောင်မှာ ထိမှန်ဒဏ်ရာရရှိကာ အသက် ၆၄နှစ်အရွယ် ဒေါ်တင့် ၏ ဘုရားစင် နှင့် နေအိမ် အရှေ့ခြမ်းမှာလည်း လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

အလားတူ မန်တုံမြို့တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် လာရောက် ဗုံးကျဲ ချတိုက်ခိုက်ခဲ့ကြောင်း TNLAကပြောဆိုသည်။

ယမန့်နေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် ည ၁၀နာရီ၄၅မိနစ် အချိန်တွင် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံး ၂လုံး လာရောက်ကျဲ ချကာ ဦးအိုက်အေး လက်ဖက် စက်ရုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်း ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၂၁ နှစ်အရွယ် မောင်သက်နိုင်လင်း၏ ညာဘက်လက်နှင့် နံရိုးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ၁၃၀ တပ်စခန်းပေါ်ကိုလည်း ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိုအနီးရှိ နေအိမ် ၆ လုံး ထိမှန်ပျက်စီးခဲ့ပြီး ပေါင်၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ် များကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ တာဝန်ရှိသူများက သွားရောက် ရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် PSLF/TNLA အုပ်ချုပ်နေသည့် နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မန်တုံမြိုနယ် များ ရှိ ပြည်သူများကို ထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏလေကြောင်းဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်နေပါကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article