28 C
Yangon

ဖားကန့်၊ ဆိုင်းတောင်တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို ဖမ်းဆီးပစ်သတ်၊ အပစ်ရပ်ရေး လာရောက် ညှိနှိုင်းသည့် ငြိမ်းချမ်းရေးအကျိုးဆောင်ကို စစ်တပ်က ပစ်ခတ်

Must read

ဖားကန့်၊ ဆိုင်းတောင်တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို ဖမ်းဆီးပစ်သတ်၊ အပစ်ရပ်ရေး လာရောက် ညှိနှိုင်းသည့် ငြိမ်းချမ်းရေးအကျိုးဆောင်ကို စစ်တပ်က ပစ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၉

ကချင်ပြည်နယ် ဖားကန့် ဆိုင်းတောင်ရွာတွင် အကြမ်းဖက်စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း KIA သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ဆိုင်းတောင်မှ ထွက်ခွာ၍ မရစေရန် KIAနှင့် PDF ပူးပေါင်းအဖွဲ့က ပိတ်ဆို့ထားကြောင်း ၊ ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့တွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့က ဆိုင်းတောင်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က Lucky Man ဟိုတယ်တွင် တပ်စွဲကာ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“စက်တင်ဘာ ၇ ရက်နေ့ကလည်း တစ်နေကုန် ပစ်ကြတယ်။ စက်တင်ဘာလ ၈ ရက်နေ့ မနေ့က တိုက်ပွဲ‌တွေ ပိုပြင်းထန်တယ် လက်နက်ကြီးတွေနဲ့ မြို့ထဲမှာ အပြန်အလှန်ကို ပစ်နေကြတာ။ လက်နက်ကြီးတွေ သေနတ်သံတွေလည်း အဆက်မပြတ်ပဲ။ ၇ ရက်နေ့ညမှာ စစ်ကောင်စီ စစ်ကြောင်းဝင်လာတာ ပြည်သူတွေ အဖမ်းခံရတာ ရှိတယ်လို့ ကြားတယ်။ အဲဒီ စစ်ကြောင်းကို KIA ၊ PDF ပူးပေါင်းအဖွဲ့က ပြန်ပိတ်ဆို့ထားတာ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဆိုင်းတောင်ဘက်ကို လှမ်းပစ်နေတာ။ စက်တင်ဘာလ ၇ ရက်နေ့မှာလည်း ပြည်သူ ၃ ယောက်ကို စစ်တပ်က ပစ်သတ်ထားတယ်။ မနေ့က တိုက်ပွဲ ဖြစ်တော့ အဲဒီလက်နက်ကြီးတွေ ဆိုင်းတောင် တစ်ရွာလုံးကျတယ်”ဟု KIA သတင်းရင်းမြစ်က ပြောကြားသည်။

လတ်တလော နှစ်ဖက်တိုက်ပွဲကြောင့် ဆန်းကြွယ်၊ မောတောင်း၊ ဆိုင်းတောင်တို့ရှိ ပြည်သူ့ နေအိမ်များပျက်စီးမှုများပြားပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း ပစ်ခတ်မှုများ ကြားရပြီး မိုးရွာသွန်းသည့်အတွက် တိုက်ပွဲရပ်နေကြောင်း သိရှိရသည်။

“လောလောဆယ်ပြည်သူတော်တော်များများ ပြေးနေရတယ်။ ပြီးတော့ ဆိုင်းတောင်ဘက်ကို အဝင်တွေ အကုန်ပိတ်ထားတယ်။ KIA နဲ့ PDF တွေက ဆိုင်းတောင်ဘက် သွားတဲ့ လမ်းအကုန်ပိတ်ထားတယ်။ စစ်ကောင်စီစစ်ကြောင်းက လောလောဆယ် ထွက်လို့ မရသေးဘူး။ ဆိုင်းတောင် ပိတ်ထားတဲ့အတွက်။ ဒီမနက်လည်း သေနတ်သံကြားရတယ်။ ၈ ရက်နေ့ ညကအထိ အသည်းအသန်ပဲ။ ဒီမနက်တော့ မိုးရွာလို့ ပြန်နားနေတယ်။လောလောဆယ် ဆိုင်းတောင်မှာ အခြေအနေ အတော်ဆိုးနေတယ်။ ပြည်သူထိခိုက်တာလည်း ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

နှစ်ဖက် စစ်ရေးတင်းမာနေမှုနှင့် တိုက်ပွဲဖြစ်ပွားနေမှုကို လျှော့ချနိုင်ရန် PCG အဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက စစ်တပ်တပ်စွဲရာ Lucky Man ဟိုတယ်သို့သွားရောက်ခဲ့သော်လည်း စစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“PCG ငြိမ်းချမ်းရေးအဖွဲ့က ဦးယွပ်ဇော်ခေါင် နှစ်ဖက်ကို သွားညှိပေးဖို့ အသွားမှာ သေနတ်နဲ့ လှမ်းပစ်ခံလိုက်ရတယ်။ အခု စစ်တပ်က ပစ်သတ်နေလို့ ပြည်သူတွေလည်း သေတာများတယ်”ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article