လယ်ဒို၊ ကျောက်တံခါးနှင့် ထီးလင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အမျိုးသမီး ၂ ဦးသေဆုံး၊ စာသင်ကျောင်းနှင့် နေအိမ်များလည်း ပျက်စီး
ရန်ကုန်၊ စက်တင်ဘာ ၁၁
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရှိကာ စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၁လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ပြည်သူများ နေထိုင်ရာ နေရာကို ပစ်မှတ်ထားပြီး လိန်ပင်ဝဲကျေးရွာအတွင်းကို ရည်ရွယ်ချက်ရှိရှိ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ် ခတ်ခဲ့ရာ ကျေးရွာပိုင် စာသင်ကျောင်း ၁ ကျောင်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၅၂ မိနစ်ခန့်တွင် လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးစိုးသန်း ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ၎င်း၏နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။
အလားတူ မူးမြို့နယ်၊ ကျောက်တံခါးမြို့ အင်ကုန်းကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ ခလရ−၃၀၇ ရွှေဝါတပ်ရင်းက ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ရာ ကျေးရွာနေ အသက် ၃၅ နှစ်အရွယ် မသင်းသင်းခိုင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ် အရှေ့ဘက်ခြမ်းကို စက်တင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွက် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ဒေသပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ထီးလင်းမြို့နယ်၊ မက်လယ်ရွာအနီးကို အကြမ်းဖက် စစ်တပ်က ကျဲချတဲ့ ဗုံးတစ်လုံးပေါက်ကွဲပြီး ချောင်းထဲမှာ ရေချိုးနေသည့် အမျိုးသမီး ၁ ဦးကို ထိမှန်ခဲ့ပြီး ဒဏ်ရာ ပြင်းထန်သောကြောင့် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၇ ရက်နေ့ ကလည်း အကြမ်းဖက် စစ်တပ်က ပုံညာတောင်အနောက်ဘက် ဒေသအခေါ် ဆေးကြီးတောင်အနောက်ခြမ်းကိုလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။