29 C
Yangon

ရခိုင်တွင် စစ်ဘေးရှောင်ပြည်သူများ အငတ်ဘေး ရင်ဆိုင်နေရပြီး ICRC က ရခိုင်အပါအဝင် နေရာ ၆ ခုကို ကူညီမည်ဟုဆို

Must read

ရန်ကုန်| စက်တင်ဘာ ၁၂

ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဒုက္ခသည် ၆ သိန်းကျော်ရှိပြီး လက်ရှိတွင် ဒုက္ခသည်များမှာ အငတ်ဘေးဖြင့် ရင်ဆိုင်ကြုံ တွေ့ နေကြောင်း စစ်ရှောင်များက ပြောဆိုကြသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီ နှင်ထုတ်ခဲ့သည့် ပလ္လင်ပြင်၊ အောင်တိုင်၊ ဝါဘိုနှင့် အမြင့်ကျွန်းအပါအဝင် တခြားကျေးရွာ အများအပြားက ဒေသခံများမှာ စစ်ရှောင်နေပြီး စားဝတ်နေရေး အလွန်ခက်ခဲနေသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့က ဒေသခံပြည်သူများမှာ အလုံးစုံ မြို့ထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ ကျွဲထိုး၊ သလူမော်၊ ခမောင်းတော၊ အောင်ဇေယျနှင့် တခြားကျေးရွာအချို့တွင် စစ်ရှောင်နေကြပြီး စားနပ်ရိက္ခာ ပြတ်တောက်နေပြီဟု ရွာသားများက ပြောသည်။

ပေါက်တောမြို့နယ်တွင်လည်း တောင်ဦးမော်၊ သဲခုံ၊ ကြိမ်ခွေမော်အပါအဝင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ဂွမြို့နယ်တို့တွင် စားနပ်ရိက္ခာပြတ်တောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မခံယူရဟု ဒေသခံများက ပြောဆိုကြသည်။

အငတ်ဘေးဖြင့် ကြုံနေရသည့် ပေါက်တောမြို့နယ် သဲခုံကျေးရွာဒေသခံတစ်ဦးက “ကျနော်တို့ စစ်ရှောင်နေတဲ့ နေရာမှာဆို အိမ်ထောင်စုပေါင်း ၄၀၀ ကျော်လောက်ရှိတယ်။ စားရေးသောက်ရေး အဆင်မပြေဘူး။ ငတ်တဲ့သူတွေ များလာတယ်။ ဘာထောက်အပံ့မရဘူး။ စစ်ဘေးရှောင်ရတဲ့ ကာလကလည်း ရှည်လာတယ်။ တော်တော် ဒုက္ခရောက်နေကြပြီ” ဟု ဆိုသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်များမှာလည်း တောင်းရမ်းစားသောက်ရသည့်အဆင့်အထိ အငတ်ဘေးဖြင့် ကြုံနေရသည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေထဲမှာ တောင်းရမ်းစားသောက်လာကြသူတွေ တစ်စတစ်စ များလာတာမျိုးတွေ့လာရပါတယ်။ စစ်ဘေးရှောင်တွေအတွက် တတ်နိုင်သလောက်ကူညီမှုတွေ လုပ်ပေးနေပေမယ့် အားလုံး အကူညီပေးနိုင်တဲ့အတိုင်းအတာက နည်းနေသေးတော့ သူတို့အတွက် ထောက်ပံ့ကူညီမှုတွေ ထပ်လိုအပ်နေပါသေးတယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲ စတင်ပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေကြသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများမှာ ပြတ်တောက်သွားခြင်းကြောင့် စစ်ရှောင်များမှာ ရပ်တည်ရေး ခက်ခဲနေကြခြင်းဖြစ်သည်။

ရခိုင်တွင် ၁၇ မြို့နယ်ရှိသည့်အနက် ၇ မြို့နယ်က ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စစ်ရှောင်ကာလ ၁၀ လအထိ ရှည်လာကာ အမိုးအကာမလုံခြုံသည့် နေရာများတွင် နေထိုင်ရခြင်းနှင့် စားနပ်ရိက္ခာပြတ်လပ်နေကြသည်။

ခက်ခဲသည့် စိန်ခေါ်မှုများရှိနေသော်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ဘေးဖြစ်ရန် အလွယ်ကူဆုံးရပ်ရွာလူထုများ အထူးသဖြင့် ရှမ်း၊ ကချင်၊ ရခိုင် ချင်း၊ ကယားနှင့် ကရင်ပြည်နယ်တို့ကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ပဋိပက္ခဒဏ်ခံနေရသည့် ပြည်သူလူထုထံသို့ သွားရောက်ပံ့ပိုးကူညီနိုင်ရန် သန္နိဋ္ဌန်ချထားကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ICRC ဥက္ကဌက ဆိုသည်။

ICRC ဥက္ကဋ္ဌ Mirjana Spoljaric က “မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့ဆိုတဲ့ အိုင်စီအာရ်စီရဲ့ သန္နိဋ္ဌန်က မဆုတ်မနစ် ဆက်လက်တည်ရှိနေမှာပါ။ ပဋိပက္ခနဲ့ အခြားသော အကြမ်းဖက်မှုအခြေအနေများကြောင့် အကြောက်တရားတွေနဲ့ နေထိုင်နေကြရပါတယ်။ အသက်မွေး ဝမ်းကျောင်းမှုလုပ်ငန်းတွေကို ဆက်လက်မဆောင်ရွက်နိုင်ခြင်းကြောင့် မရေမတွက်နိုင်အောင် များပြားတဲ့ လူထုအတွက် ဆက်လက် အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေ မရှိတော့ပါဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မိသားစုတော်တော်များများက အခြေခံဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘဲ နေထိုင်နေကြပြီး အစားအစာ ပြတ်လပ်မှုဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် သန့်ရှင်းသော ရေနှင့် မိလ္လာစနစ် ရရှိအသုံးပြုနိုင်မှုမှာလည်း အကန့်အသတ်များ ရှိနေကြသည်။

ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ပျက်ပြားလာခြင်းကြောင့် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါများ ပိုမိုဖြစ်ပွားလာသည့်အပြင် ဆေးဝါးအထောက်အပံ့များ ပေးပို့ဖြည့်ဆည်းမှု မရှိခြင်းကလည်း ဒဏ်ရာရသူများနှင့် နာတာရှည်ရောဂါသည်များ၏ ထိခိုက်ခံစားရမှုများကို ပိုမိုဆိုးရွားစေကြောင်း ICRC က ဆိုသည်။

ICRC ဥက္ကဋ္ဌ Mirjana Spoljaric က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိုမိုပေးအပ်နိုင်ရန် ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများသို့ ပိုမိုသွားရောက်ခွင့် ရရှိရေး မင်းအောင်လှိုင်ကို ICRC ဥက္ကဋ္ဌ က တောင်းဆိုခဲ့သည်။

ICRC ဥက္ကဋ္ဌ သည် ကြားနေသည့် အခန်းကဏ္ဍနှင့် အကူအညီလိုအပ်မှုများ အများဆုံးရှိနေသည့် လူထုထံသို့ သွားရောက်နိုင်ရေး ရည်မှန်းချက်ကို အထူးအလေးပေး ပြောကြားခဲ့ကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ နှစ်ဦးနှစ်ဖက်အကြား အတွင်းရေးကိစ္စအဖြစ်သတ်မှတ်ထားရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေကို ဆောင်ရွက်ရာမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေကို လေးစားလိုက်နာကြဖို့နဲ့ အရပ်သားပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေသူတွေ ဘေးကင်းလုံခြုံစေဖို့ အတွက် သူတို့မှာရှိတဲ့ တာဝန်ဝတ္တရားကို အသိပေးပြောဆိုမှုတွေပြုလုပ်ပါတယ်” ဟု ၎င်း က ဆိုသည်။

၂၀၂၄ ခုနှစ် ၆ လအတွင်း လူပေါင်း၂၁,၀၀၀ ကျော်ကို စားနပ်ရိက္ခာအထောက်အပံ့များ၊ လူပေါင်း ၂၀,၀၀၀ ကို အိမ်သုံးပစ္စည်းများနှင့် လူပေါင်း ၂၅,၀၀၀ ကျော် ကို လောင်စာတောင့်များ ပံ့ပိုးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြ သည်။

လူပေါင်း ၈၃,၀၀၀ ကျော်ကို ရေ၊ မိလ္လာ၊ အမိုးအကာနှင့် အရေးပေါ်သန့်ရှင်းရေးစနစ်များ ပိုမိုရရှိလာစေရန် ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတစ်ဝန်းရှိ ဆေးရုံ ၁၅ ရုံနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၄၄ ခု မှာ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှုဆိုင်ရာ ကုသဆွေးနွေးမှု ၄,၀၀၀ နှင့် ရောဂါကုသမှုဆိုင်ရာ ကုသဆွေးနွေးမှုပေါင်း ၄၆,၀၀၀ နီးပါးအတွက် အထောက်အပံ့များ ပေးအပ်ခဲ့သည်။

ပေါက်ကွဲမှုအန္တရာယ်များကြောင့် ထိခိုက်ခံသူ ၈၅၃ ဦး အပါအဝင် မသန်စွမ်းသူ ၂,၀၀ ကျော်ကိုလည်း ကိုယ်ကာယပြန်လည်သန်စွမ်းရေးအစီအစဉ်အားဖြင့် ထောက်ပံ့ကူညီခဲ့သည်။

လူပေါင်း ၇၀ ကျော်၏ မိသားစုများအား ၎င်းတို့ချစ်ခင်ရသူများ မည်သည့်နေရာသို့ရောက်ရှိနေကြောင်း သိရှိနိုင်စေရန်နှင့် အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၂,ဝဝဝ ကျော်ကို မိသားစုများထံသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်စေရန် ထောက်ပံ့ကူညီခဲ့ကြောင်း ICRC က ဆိုသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပေးနိုင်မှု လျော့နည်းလာသည့်အခြေအနေတွင် ရပ်ရွာလူထု တော်တော်များများအတွက် အလွန်အရေးကြီးသည့် ဝန်ဆောင်မှုများ ရရှိနိုင်မှုမှာ အကန့်အသတ်ဖြစ်လာကြောင်း သိရသည်။

ပုံစာ – ပုဏ္ဏားကျွန်းမြို့အဝင် ကားလမ်းမပေါ်မှာ တွေ့ရသော စစ်ရှောင်များ။ (ဓါတ်ပုံ – လင်းရောင်ခြည်ဖောင်ဒေးရှင်း)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article