24.8 C
Yangon

နေပြည်တော်တွင် ရေကြီးမှုကြောင့် ၄၂ ဦးသေဆုံးဟု စစ်ကောင်စီ ထုတ်ပြန်ပြောဆိုသော်လည်း အမှန်တကယ် သေဆုံးသူ ပိုမိုများပြားနိုင်ဟုဆို

Must read

နေပြည်တော်တွင် ရေကြီးမှုကြောင့် ၄၂ ဦးသေဆုံးဟု စစ်ကောင်စီ ထုတ်ပြန်ပြောဆိုသော်လည်း အမှန်တကယ် သေဆုံးသူ ပိုမိုများပြားနိုင်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၅

နေပြည်တော်တွင် ရေကြီးမှုကြောင့် လူ ၄၂ ဦးသေဆုံးကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုလိုက်သော်လည်း အမှန်တကယ် သေဆုံးသူမှာ ယင်းအရေ အတွက်ထက် ပိုမိုများပြားနိုင်ကြောင်း နေပြည်တော်အခြေစိုက် ပရဟိတအဖွဲ့တချို့က ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် နေပြည်တော်တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း တပ်ကုန်းမြို့နယ်မှတစ်ဆင့် ဆင်သေချောင်းရေ ကျဆင်းခဲ့မှုကြောင့် လက်ရှိအချိန်အထိ ကောက်ယူရရှိထားသည့် စာရင်းဇယားများအရ သေဆုံးသူ ၄၂ ဦး ရှိပြီး အိမ်ပေါင်း ၃၃ လုံးရေမျောခြင်း၊ နေအိမ်နှင့်အဆောက်အအုံ ၃၈၉၁ လုံး ရေမြုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ရေဘေးကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ဆောင်နေသော နေပြည်တော်အခြေစိုက် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ နေပြည်တော်ရှိ မြို့နယ် ၈ ခုအနက်မှ မြို့နယ် ၅ ခုတွင် ထိခိုက်ပျက်စီးမှုများ ကြုံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အလောင်းမရ၊ ပြန်လည်ရှာတွေ့ခြင်းမရှိဘဲ ပျောက်ဆုံးနေသူ အများအပြား ရှိနေကြောင်း ပြောဆိုသည်။

“ကျနော်တို့ သိသလောက်ကတော့ သေဆုံးသူကတော့ ၄၂ ဦးထက်တော့ပိုတယ်။ အလောင်းတွေ့တာချည်းပဲကောက်ရင်တော့ ၄၂ ဦး အလောင်း ပြန်ရတာမျိုးကို ပြောတာထင်တယ်။ ပျောက်နေတာတွေလည်းအများကြီးပဲ။ ကျနော်တို့ ပရဟိတအဖွဲ့ကိုတင် အကြောင်းကြား စာရင်းပေးလာတာတင် ပျောက်ဆုံးသူ ၅၀ ဦး လောက်ရှိတယ်။ အဲဒါတွေကို သေစာရင်း မသွင်းရင်တော့ မပြောတတ်ဘူး။ ရေနဲ့ မျောပြီး အလောင်းလည်းမရ၊ ပျောက်နေတာတွေရှိပါသေးတယ်။ လူတွေတင်မဟုတ်ပါဘူး ကျွဲနွားတွေဆိုတာလည်း အများကြီးပဲရေနဲ့မျောပြီး သေကုန်တာ” ဟု နေပြည်တော်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုက ပြောဆိုသည်။

နေပြည်တော်တွင် စက်တင်ဘာလ ၁၁ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့အထိ ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ရေများသည် ၁၀ ပေ မှ ၁၄ ပေအထိ မြင့်တက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကျေးရွာများတွင် ရေကျသွားပြီးနောက် သေဆုံးနေသော ကျွဲနွားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article