27 C
Yangon

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းရန် သဘောတူညီမှု ရရှိ

Must read

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းရန် သဘောတူညီမှု ရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းဖို့ ဒေသ အဖွဲ့အစည်းများ သဘောတူညီမှု ရရှိခဲ့ကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Re-Unification Organization – ZORO) က သတင်း ထုတ်ပြန်ထားသည်။

ဇိုပြန်လည်ပေါင်းစည်းရေး အဖွဲ့အစည်း ZORO ၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၂၁ ရက်နေ့တွင် ချင်းပြည် အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံ ဆွေးနွေးမှုများတွင် အချက် ၅ ချက်ကို ကနေဦး သဘောတူညီမှု ရရှိခဲ့ပြီး ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ် အလာတူညီသော သေအတူရှင်မကွဲ နေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်း လက်ခံကြသည်ဟု သိရှိရသည်။

ထို့ပြင် တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့် အချိန်တွင် ချင်းညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြောင်း၊ နောက်နောင်တွင် ချင်းလက်နက်ကိုင်အဖွဲ့ နှစ်ဖက်အဖွဲ့အစည်းများ အကြားသဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့် ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် အဆိုပါတွေ့ဆုံဆွေးပွဲတွင် နှစ်ဖက် သဘောတူခဲ့ကြောင်း သိရသည်။

အလားတူ ငြိမ်းချမ်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းရန်လည်း သဘောတူထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှ တာဝန်ရှိသူများသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများ ပြုလုပ်သွားရန် သဘောတူညီခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲကို ZORO ဒုဥက္ကဌ ပူးလာလ်မွန်ပွီး ယာပွန်သဲ၊ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ပူးထန်းနိန်းကီးတို့ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila၊ ဆလိုင်းပီတာထန်းတို့ ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်မှစ၍ ချင်းပြည်နယ်တွင် ဒေသ အဖွဲ့အစည်းအချင်းချင်း သဘောထားကွဲလွဲမှုများသည် ပေါ်ပေါ်ထင်ထင်ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် လက်နက်ကိုင် ဖြေရှင်းကြသည် အထိ တင်းမာခဲ့ကာ ယခုထွက်ရှိလာသည့် “လက်နက်ဖြင့် မဖြေရှင်းရေး” သဘောတူညီချက်ကို ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုးများက ဝမ်းသာကြိုဆိုကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားကြောင်း သိရသည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မိတ်ဖက်ဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article