27 C
Yangon

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာရှိ ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်

Must read

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာရှိ ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၂၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာမှ ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း Democracy Movement Strike Committee – DMSC မှ တာဝန်ရှိသူက တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က မောင်းမကန်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို နေအိမ်ထဲထိ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများ၏ ရုပ်အလောင်းများကို ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ကျေးရွာအနီး ဥယျာဥ်ခြံတစ်ခုထဲတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများ၏ အမည်စာရင်းကို လက်ရှိချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“အဖမ်းမခံရခင် မောင်းမကန် ရဲစခန်းတိုက်ခိုက်ခံရပါတယ် နေ့လယ်လောက်မှာပါ။ ညနေပိုင်းမှာတော့ အခုလိုဖမ်း သွားတာပါ။ အဖမ်းခံရတဲ့လူတွေက သာမန် အရပ်သားတွေပါ ။ သူ့အိမ်မှာသူနေရင်းအဖမ်းခံရတာ”ဟု DMSC မှ တာဝန်ရှိသူက ပြောဆိုသည်။

သတ်ဖြတ်ခံရသူများသည် အသက်သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသား ၂ ဦးနှင့် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသား ၁ ဦးတို့ ဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီး သတ်ဖြတ်မှုများသည် အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားများ အပေါ် စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းဖြစ်ကြောင်း Democracy Movement Strike Committee – DMSC က ထုတ်ပြန်ထားသည်။

“အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုထပ်မံကျူးလွန်လိုက်တာပါ။ တစ်ဖက်က ငြိမ်းချမ်းရေးစကားပြောပြီး တစ်ဖက်မှာက အခုလိုပြည်သူတွေကို မတရားသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံရေးအရ ဘယ်လိုမှ ယုံလို့မရနိုင်ပါဘူး” ဟု Democracy Movement Strike Committee – DMSC မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article