28 C
Yangon

မြန်မာနိုင်ငံတွင် ဆေးဝါးပြတ်လပ်မှု အခြေအနေ ဆိုးရွားနေပြီး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံများတွင်ပင် ဆေးဝါး အစုံအလင် မရှိတော့

Must read

မြန်မာနိုင်ငံတွင် ဆေးဝါးပြတ်လပ်မှု အခြေအနေ ဆိုးရွားနေပြီး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံများတွင်ပင် ဆေးဝါး အစုံအလင် မရှိတော့

ရန်ကုန်၊ အောက်တိုဘာ ၅

အကြမ်းဖက် စစ်ကောင်စီက ပို့ကုန်ရငွေ တင်ပြနိုင်မှသာလျှင် ဆေးဝါး အပါအဝင် သွင်းကုန်များ တင်သွင်းပြုမည်ဆိုသော ကုန် သွယ်ရေးမူဝါဒအသစ်ကို စတင်အကောင်အထည်ဖော်လျက်ရှိရာ ယင်းမူဝါဒအသစ်ကြောင့် ဆေးဝါးများ မတင်သွင်းနိုင်တော့ဘဲ ဆေးဝါးပြတ်လပ်မှု အခြေအနေမှာလည်း ဆိုးရွားလာနေကြောင်း ပြည်တွင်းရှိ ကျန်းမာရေးအသိုင်းအ၀ိုင်းနှင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်ကောင်စီက မူဝါဒအသစ်ဖြင့် ဆေးဝါး တင်သွင်းရန် တင်ပြထားသော

သွင်းကုန်လိုင်စင် လျှောက်ထားမည့် ဆေးဝါးကုမ္ပဏီ ၁၁၆ ခု၏ ဆေးဝါးသွင်းကုန် လိုင်စင် စုစုပေါင်းတန် ဖိုး အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းကိုလည်း စိစစ် ပယ်ဖျက်ခဲ့ကြောင်း၊ အဆိုပါ ဆေးဝါးကုမ္ပဏီများသည် ပို့ကုန်ရငွေတင်ပြပြီးမှသာလျှင် ဆေးဝါးသွင်းကုန်လိုင်စင် တင်သွင်းခွင့်ပြုမည့် စနစ်သစ်ဖြင့်သာ သွင်းကုန်လိုင်စင် လျှောက် ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

လက်ရှိတွင် ဆေးဝါးကုမ္ပဏီများမှာ ပို့ကုန်ရငွေ တင်ပြ၍ ဆေးဝါးများတင်သွင်းနိုင်ခြင်းမရှိတော့ဘဲ ဆေးဝါးပြတ်လပ်မှု အခြေအနေများလည်း ဆိုးဝါးလာနေကြောင်း သိရှိရသည်။

“အရင်တုန်းက ဆေးဝါးတင်သွင်းဖို့ အသင်းကို တင်ပြတယ်။ ပြီးတော့ အသင်းထောက်ခံချက်နဲ့ သွင်းကုန်လိုင်စင် လျှောက်ပေါ့။ သွင်းကုန် လိုင်စင်ကျမှ ငွေလိုက်ရှာပြီး ဆေးဝါးတင်သွင်း ဒီလိုမျိုး။ အခုကျတော့ ကိုယ်တင်သွင်းမယ့် ဆေးဝါးပမာဏတန်ဖိုးကို ပို့ကုန်ရငွေနိုင်ငံခြားငွေတွေကို ဘဏ်အကောင့်ထဲ ထည့်။ အဲဒါနဲ့ ပို့ကုန်ရငွေ ပြပြီးတော့မှ လိုင်စင်လျှောက်။ ပြီးမှ ဆေးဝါးတင်သွင်း။ အဲဒီလိုမျိုး။ ငွေကြိုရှာရတာပေါ့။ အဲဒီတော့ တော်ရုံ ဆေးဝါးသွင်းမယ့် သူတွေက ငွေကြိုရှာရတော့ မသွင်းနိုင်ကြတော့ဘူး။ အဲဒါက ပြဿနာကြီးဖြစ်လာတာ” ဟု ဆေးဝါးတင်သွင်းသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံကြီးများတွင်ပင် ဆေးဝါးပြတ်လပ်ခြင်းများ ကြုံနေရပြီး ကျောက်ကပ်ဆေးရည်များ မရှိတော့ခြင်း၊ ပဋိဇီ၀ဆေး အကောင်းစားများ ပြတ်လပ်ခြင်း၊ ကင်ဆာဆေးများ မရှိတော့ခြင်း အပါအဝင် ဆေးဝါးများ ပြတ်လပ်နေကြောင်း သိရှိရသည်။

“အာရှတော်ဝင်လိုရန်ကုန်မြို့မှာရှိတဲ့ဆေးရုံမှာ ထိုးဆေးတွေသောက်ဆေးတွေမရှိလို့ တခြားဆေးရုံတွေဆေးဆိုင်တွေကိုသွားပြီးရှာဝယ်နေရပါပြီ။ ကိုယ့်မှာပိုက်ဆံရှိပေမယ့်ဆေးဝါးမရှိလို့ ရောဂါဆက်မကုနိုင်လို့သေရမယ့်အဖြစ်ကိုရောက်နေပြီ။ စစ်တပ်ကကောင်တွေက ဆေးဝါတင်သွင်းမှုကို Export Earning ရှိမှနိုင်ငံခြားကနေတင်သွင်းခွင့်ပေးမယ်ဆိုတော့ ဒေါ်လာစျေးတက်မှာစိုးလို့ဘာပစ္စည်းမှမသွင်းနဲ့လို့ ပြောတာနဲ့အတူတူဖြစ်နေတာ။ ရှိတဲ့လက်ကျန် ဆေးဝါး စျေးနှုန်းတွေကလည်း ထပ်မသွင်းနိုင်တော့ ရွှေထက်တောင် တန်ဖိုးကြီးပြီး​ စျေးတွေ ကြီးကုန်တယ်” ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံသို့ တင်သွင်းမည့် သွင်းကုန်များအားလုံးသည် ပို့ကုန်ရငွေဖြင့်သာ တင်သွင်းရမည်ဟု မူဝါဒ ပြောင်းလဲ ကြေညာခဲ့သဖြင့် ပြည်တွင်းတွင် ပြည်ပသွင်းကုန်များ ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article