32.5 C
Yangon

လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို လောင်းလုံး PDF က ဖမ်းဆီးထား

Must read

လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို လောင်းလုံး PDF က ဖမ်းဆီးထား

ရန်ကုန်၊ အောက်တိုဘာ ၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို ဖမ်းဆီးထားကြောင်း လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးအဖွဲ့မှ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး သန်းခေါင်းစာရင်း ကောက်ယူနေသည့် လောင်းလုံးမြို့နယ် ရပ်ကျေး ထွေအုပ်စာရေး ၁ ဦးနှင့် Non CDM ဆရာမ ၈ ဦး ကို လောင်းလုံး PDF က နေအိမ်များအတွင်း သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထားသူများကို လက်ရှိချိန်ထိ လောင်းလုံးမြို့နယ် PDF က ထန်းသိမ်းထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကာ စစ်ဆေးပြီးစီးပါက လောင်းလုံးမြို့နယ် ပအဖ ကို ဆက်လက်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“နေအိမ်တွေထဲကို ဝင်ရောက်ဖမ်းဆီးတာတွေရှိတယ်။ သူတို့ထွက်ဆိုချက်နဲ့ သွားရောက်ဖမ်းဆီးတာတွေရှိတယ်။ ဖမ်းဆီးတဲ့နေရာမှာလဲ ပြင်းပြင်းထန်ထန် အင်အားသုံးပြီး ဝင်ရောက် ဖမ်းဆီးတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ အတွက် လာရောက် ဖမ်းဆီးတယ်ပေါ့။ အဲလိုပြောပြီ ခေါ်ဆောင်လာတာဖြစ်ပါတယ်။ ကျန်တော်တို့ သူတို့နေအိမ်တွေထဲက သက်သေခံ စာရွက်စာတန်းတွေ ဝင်ရောက် ရှာဖွေတာတော့ ရှိပါတယ်။ မြို့နယ် ပအဖ ကို ကျန်တော်တို့ စစ်ဆေးမေးမြန်းလို့ရတဲ့ အချက်အလက်တွေနဲ့ ဖမ်းဆီးရမိသူတွေကို ပြန်လွှဲပေးမယ်ပေါ့။ အရေးယူတဲ့အပိုင်းကို ပအဖ က ဆက်လက် ဆောင်ရွက်ပါလိမ့်မယ်” ဟု လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးအဖွဲ့မှ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက် စစ်ကောင်စီက လောင်းလုံမြို့နယ်၊ ရေဖြူရွာ၌ သန်းခေါင်စာရင်း ကောက်ယူမှုများ လုပ်ဆောင်ခဲ့သည်ံ ကျောင်းအုပ်ဆရာမ ဒေါ်ဖြူဖြူထွေး၊ ကျောင်းဆရာမ ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်မြအေးနဲ့ ရေဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး စာရေးမ ဒေါ်သီတာတို့ ဖမ်းဆီးခံရကြောင်း ထုတ်ပြန်ထားသည်။

လောင်းလုံးမြို့နယ် ပကဖ အနေဖြင့် ဖမ်းဆီးထားရသူများကို လုံခြုံရေးပိုင်းအရ အမည်စာရင်းနှင့် ဓာတ်ပုံများကို ထုတ်ပြန်မည်မဟုတ်ကြောင်းနှင့် ဖမ်းဆီးထားသူများကို ကောင်းမွန်စွာ စောင့်ရှာက်ထား၍ မိသားစုဝင်များအနေဖြင့် စိုးရိမ်မှု မရှိစေလိုကြောင်း လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးအဖွဲ့မှ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။

“ကျန်တော်တို့က Non CDM ဝန်ထမ်းတွေမို့လို့ ဖမ်းဆီး အရေးယူတာမဟုတ်ဘူး။ Non CDM လုပ်ထားတဲ့ ဆရာမတွေကတော့ လောင်းလုံးမြို့နယ်ထဲမှာ အများကြီးရှိတယ်ပေါ့။ အခုတော်လှန်ရေး ၃ နှစ်ကျော် ၄ နှစ်နီးပါးလောက်ကိုမှ ဖမ်းဆီးတာတွေ လုပ်တာတွေဘာတွေမရှိဘူးပေါ့။ အခုက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်မှာ ပါလာတဲ့ အတွက်ကြောင့်မို့လို့ ကျန်တော်တို့သွားပြီးတော့ ထိန်းသိမ်းတဲ့ အပိုင်းတွေလုပ်တာပေါ့။ နောက်တစ်ခုကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခုလုံးကို ဆန့်ကျင် တိုက်ဖျက်သွားလို့ ရှိတယ်ပေါ့။ အဲအတွက်ကြောင့် Non CDM ဆရာ ဆရာမတွေပဲဖြစ်ဖြစ် ဝန်ထမ်းတွေပဲဖြစ်ဖြစ် ပါဝင်ပတ်သက်ခြင်းမလုပ်ဖို့ နဲ့ ကျန်တော်တို့ အနေနဲ့လည်း ဆက်ပြီးတော့ လုပ်ဆောင်သွားမယ့် အပိုင်းတွေရှိလို့ ကြားညှပ်တဲ့ ပုံစံမျိုး မဖြစ်အောင်ပေါ့။ နောက်ပြီးတော့ ကျန်တော်တို့ ထိန်းသိမ်းထားတဲ့ သူတွေကိုလည်း စိတ်မပူဖို့ပေါ့။ ကျန်တော်တို့ ကာကွယ်စောင့်ရှောက်ထားပါတယ်” ဟု လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးအဖွဲ့မှ ရဲဘော် ရှဲဒိုးက ဆက်လက် ပြောဆိုသည်။

ပုံစာ-စစ်ကောင်စီ၏ တနင်္သာရီဝန်ကြီးချုပ် မြတ်ကိုနှင့်အဖွဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို သွားကြည့်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article