27 C
Yangon

အကြမ်းဖက်စစ်အုပ်စု လေယာဥ်ဆီရရှိနေမှုကို ဖြတ်တောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အသက်ဝင်ရန်လိုအပ်နေ

Must read

အကြမ်းဖက်စစ်အုပ်စု လေယာဥ်ဆီရရှိနေမှုကို ဖြတ်တောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အသက်ဝင်ရန်လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၁

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ကချမှတ်ခဲ့ပြီးဖြစ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းအရ အာဏာသိမ်းစစ်အုပ်စုထံ လေယာဉ်ဆီရောင်းချထောက်ပံ့ရာတွင် ပါဝင်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှန်သမျှကို ဒဏ်ခတ်ပိတ်ဆို့ခွင့်ရှိသွားပြီဖြစ်သော်လည်း၊ အဆိုပါဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရေးအစီအစဉ်ကို အားကောင်းသက်ဝင်ရေးအတွက် ဆောင်ရွက်မှုကင်းမဲ့နေသည်ဟု The Sentry နှင့် Justice For Myanmar အဖွဲ့တို့က ယမန်နေ့ကထုတ်ပြန်ပြောဆိုလိုက်သည်။

မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီရောင်းချထောက်ပံ့ရာတွင် ပါဝင်သူများအား အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ခွင့်ပြုလိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရေးအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း OFAC ကတိုးချဲ့ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသို့ချမှတ်ခဲ့ပြီး တနှစ်ကျော်ကြာသည််အထိ အဆိုပါဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေးအစီအစဉ်မှာ အသက်မဝင် အလုပ်မဖြစ်‌နေသည့်အတွက် အာဏာသိမ်းစစ်ကောင်စီက အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်‌နေနိုင်ခြင်းဖြစ်သည်ဟု ၄င်းအဖွဲ့များက ဝေဖန်ပြောဆိုသည်။

မြန်မာစစ်အုပ်စု၏ လေကြာင်းမှ ဗုံးကြဲတိုက်ခိုက်နိုင်စွမ်းကို ထိရောက်စွာတားဆီးနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် လေယာဥ်ဆီရောင်းချပေးနေသည့် နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တခုလုံးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ် ဆောင်ရွက်ရမည်ဟုလည်း Justice For Myanmar ကဆိုသည်။

ထို့အပြင် အမေရိကန်နှင့် စိတ်သဘောထားတူညီသော မိတ်ဖက်နိုင်ငံများအနေနှင့်လည်း အလားတူ လေယာဉ်ဆီပိတ်ဆို့မှုများကို ချမှတ်ကျင့်သုံးရန်အတွက် တွန်းအားပေးလုပ်‌ဆောင်မှုများ လုပ်ဆောင်ရန် လိုအပ်နေသည်ဟုလည်း ဆိုသည်။

အထူးသဖြင့် အရေးယူရမည့်စာရင်းတွင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီပေးပို့မှုများ အကြိမ်ကြိမ်ပြုလုပ်ထားသော တရုတ်နိုင်ငံအလံလွှင့် ရေနံဆီသင်္ဘော HUITONG78 နှင့် လေယာဥ်လောင်စာဆီ ပို့ဆောင်ရာတွင် ဦးတည်လမ်းကြောင်းကို ဖုံးကွယ်အသုံးပြုခဲ့သည့် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ရေနံသိုလှောင်ဆိပ်ကမ်းကြီးတစ်ခုမှ ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. တို့ ပါဝင်သည်ဟု ထုတ်ပြန်ထားသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အနေဖြင့် Justice For Myanmar နှင့် ပူးပေါင်း၍ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကမ္ဘာတဝန်း လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်က အားပေးကူညီနေသော လေကြောင်းတိုက်ခိုက်မှုဖြင့် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများစွာကို မှတ်တမ်းတင်ထားရှိပြီး ဖြစ်သည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

သွေးစွန်းလေယာဉ်ဆီ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးအဝန်းအဝိုင်းတစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထိရောက်အသက်ဝင်အောင် အလေးအနက်ထားဆောင်ရွက်ခြင်းသည် စာသင်ကျောင်း၊ ဆေးရုံဆေးခန်းများနှင့် အရပ်သားများနေထိုင်ရာ ကျေးရွာများအပေါ် စစ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ထိရောက်စွာ တားဆီးနိုင်မည်ဟု The Sentry နှင့် Justice For Myanmar အဖွဲ့တို့က ထုတ်ပြန်ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article